ရွှေ့ပြောင်းလာသူတွေရဲ့ အသုဘ မော်လ်တာမှာ ပြုလုပ်

ဓာတ်ပုံ မူပိုင် Reuters
Image caption နစ်မြုပ်မှုမှာ လူ ၈၀၀ ကျော် သေဆုံးခဲ့ပြီး အလောင်း ၂၄ လောင်း ပြန်ရခဲ့။

မြေထဲ ပင်လယ်မှာ ရွှေ့ပြောင်း ဝင်ရောက် လာသူတွေရဲ့ အသေအပျောက် အများဆုံး သင်္ဘော နစ်မြုပ်မှုမှာ သေဆုံးခဲ့ကြတဲ့ လူတွေထဲက အလောင်း ပြန်ရတဲ့ ၂၄ ဦးရဲ့ အသုဘ အခမ်းအနား တွေကို မော်လ်တာ နိုင်ငံမှာ ပြုလုပ် ခဲ့ပါတယ်။

တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တဲ့ အဲဒီ နစ်မြုပ်မှု အတွင်း လူ ၈၀၀ ကျော် တစ်ပြိုင်တည်း သေဆုံး ခဲ့တာပါ။ နစ်မြုပ်ရတဲ့ အကြောင်းက အဲဒီ သင်္ဘော ကပ္ပတိန်ရဲ့ အမှားကြောင့် ကယ်ဆယ်ရေး သင်္ဘောနဲ့ ဝင်တိုက် မိရာကနေ နစ်မြုပ် ခဲ့တာလို့ အီတလီ ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီလို ရွှေ့ပြောင်း ဝင်ရောက် လာသူတွေရဲ့ သင်္ဘောတွေ နစ်မြုပ်မှုကြောင့် ဒီနှစ်ဆန်းပိုင်း ကနေ စပြီး ခုချိန်အထိ သေဆုံးသူ လူ ၁၇၅၀ ရှိသွားပြီ ဖြစ်ပါတယ်။

ဒီလို အသက် အန္တရာယ်ကို အမှုမထားဘဲ ဆက်တိုက် ဝင်ရောက် လာနေသူတွေကို တားဆီးဖို့ အတွက်လည်း အီးယူ ခေါင်းဆောင်တွေက အရေးပေါ် ဆွေးနွေးမှုတွေ လုပ်ဆောင် နေပါတယ်။

အီတလီ ကတော့ လစ်ဗျားမှာ ရှိတဲ့ လူကုန်ကူးတဲ့ အဖွဲ့တွေကို စစ်ရေးအရ တိုက်ခိုက်ဖို့ အဆိုပြု ထားပြီး ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး ကလည်း ဒီအဆိုကို ထောက်ခံ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ