နိုင်ငံခြားသားတွေကို အင်ဒို ကွပ်မျက်တော့မယ့်ပုံ ရှိနေ

ဓာတ်ပုံ မူပိုင် Getty
Image caption သက်ညှာဖို့ အယူခံတွေကို အင်ဒို တရားရုံးက ပယ်ချခဲ့။

အင်ဒိုနီးရှား နိုင်ငံမှာ သေဒဏ် ချမှတ် ခံထားရတဲ့ နိုင်ငံခြားသား ၉ ဦးနဲ့ အင်ဒိုနီးရှား ၁ ဦး တို့ကို ထားရှိတဲ့ အကျဉ်းထောင်ကို လာရောက်ဖို့ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ သံရုံး အရာရှိတွေကို အင်ဒိုနီးရှား အစိုးရက ဆင့်ခေါ် လိုက်ပါတယ်။

နူဆာကမ်ဘန်ဂန်း Nusakambangan အကျဉ်းထောင်ကို စနေနေ့မှာ လာရောက်ဖို့ ဆင့်ခေါ် ထားကြောင်း သံတမန် အချို့က ဘီဘီစီကို အတည်ပြု ပြောဆိုပါတယ်။

အခုလို လုံခြုံရေး တင်းကျပ်ထားတဲ့ အကျဉ်းထောင်ကို လာရောက်ဖို့ သက်ဆိုင်ရာ သံရုံး အရာရှိတွေကို ဆင့်ခေါ် ခဲ့တာဟာ အဲဒီ အကျဉ်းသားတွေကို ကွပ်မျက်မယ့် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောပြဖို့ ဖြစ်နိုင်တယ်လို့ ယူဆ ရပြီး ကွပ်မျက်မှုတွေ မကြာခင် စတင် တော့မယ့် အရိပ်အယောင် ရှိနေပါတယ်။

သေဒဏ် ချမှတ် ခံထားရတဲ့ နိုင်ငံခြားသား အကျဉ်းသားတွေ ထဲမှာ ဘာလီကျွန်း မူးယစ် မှောင်ခိုဂိုဏ်း ခေါင်းဆောင်တွေ ဖြစ်တဲ့ သြစတြေးလျ နိုင်ငံသား ၂ ဦး အပါအဝင် နိုင်ဂျီးရီးယား၊ ဘရာဇီးနဲ့ ပြင်သစ် နိုင်ငံတွေက အကျဉ်းသားတွေ ပါဝင်ပါတယ်။

၁၀ ယောက်မြောက် သေဒဏ်ကျ အကျဉ်းသား ကတော့ ဖိလစ်ပိုင် နိုင်ငံသား ဖြစ်ပြီး ဒီကနေ့ သောကြာနေ့မှာပဲ နူဆာကမ်ဘန်ဂန်း အကျဉ်းထောင်ကို ပြောင်းရွှေ့ ခဲ့ပါတယ်။

သြစတြေးလျ နိုင်ငံက သူ့နိုင်ငံသား ၂ ဦးကို မကွပ်မျက်ဖို့ တောက်လျှောက် တောင်းဆို နေခဲ့သလို တခြား နိုင်ငံ အစိုးရတွေကလည်း ကွပ်မျက်မှုတွေ လုပ်ခဲ့ရင် နောက်ဆက်တွဲ ရိုက်ခတ်မှုတွေ ရှိလာနိုင်တယ်လို့ သတိပေးထား ကြပါတယ်။

ကွပ်မျက်မှု မပြုလုပ်ခင် အကျဉ်းသားတွေကို ၇၂ နာရီ ကြိုတင် အသိပေးရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ