အကြမ်းဖက် အဖွဲ့တစ်ဖွဲ့ကို အီတလီ ဖမ်းမိ

ဓာတ်ပုံ မူပိုင် AFP
Image caption ဗာတီကန်ကို တိုက်ခိုက်ဖို့ ကြံစည် ခဲ့ကြတယ်လို့ သံသယရှိကြောင်း ရဲတွေက ပြော။

အီတလီ နိုင်ငံမှာ အစွန်းရောက် စစ်သွေးကြွတွေလို့ ယူဆရတဲ့ လူ ၉ ဦးကို ဖမ်းဆီး စစ်ဆေး နေပြီး အဲဒီ လူတွေဟာ ၂၀၁၀ ခုနှစ်က ဗာတီကန် ကျောင်းတော်ကို တိုက်ခိုက်ဖို့ ကြံစည် ခဲ့ကြတယ်လို့ အီတလီ အစိုးရ ရှေ့နေတွေက ပြောပါတယ်။

အီတလီက ဆာဒီနီယာ ကျွန်းပေါ်မှာ လှုပ်ရှားနေတဲ့ အဲဒီ အစွန်းရောက် အဖွဲ့ဟာ ဗာတီကန် ကျောင်းတော်ကို ပစ်မှတ် ထားခဲ့တယ် ဆိုတာ ဖြစ်နိုင်ကြောင်း စုံစမ်း စစ်ဆေးသူတွေ ပြောပါတယ်။

ဖမ်းမိသူတွေထဲက အချို့ဟာ ၂၀၀၉ ခုနှစ်က ပါကစ္စတန် နိုင်ငံ၊ ပက်ရှ်ဝါမြို့က စျေးအတွင်း ဗုံးခွဲ တိုက်ခိုက်မှုကို ဦးဆောင် ခဲ့တယ်လို့ ယူဆ ရပါတယ်။

အဲဒီ လူတွေထဲက ၂ ယောက် ကတော့ အယ်လ်ကိုင်ဒါ ခေါင်းဆောင်ဟောင်း အိုစမာ ဘင်လာဒင်ကို အကာအကွယ် ပေးခဲ့တယ်လို့ ဒေသတွင်း မီဒီယာ တစ်ခုက ပြောပါတယ်။

ဒီအဖွဲ့ဟာ ပါကစ္စတန်နဲ့ အာဖဂန် နစ္စတန် နိုင်ငံက လူတွေကို စာရွက်စာတမ်း အတုတွေ သုံးပြီး အီတလီ နိုင်ငံထဲကို တရားမဝင် ခေါ်ဆောင်လာမှုနဲလည်း ပတ်သက်နေတယ်လို့ အီတလီ အာဏာပိုင်တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ