နီပေါမှာ နောက်ဆက်တွဲ ပြင်းအားကြီး ငလျင် ထပ်လှုပ်

ဓာတ်ပုံ မူပိုင် BBC World Service
Image caption ငလျင်ဒဏ် ထိထားတဲ့ အိမ်တွေထဲ ပြန်ဝင်ဖို့ ကြောက်နေကြ

နီပေါနိုင်ငံမှာ စနေနေ့တုန်းက ငလျင်ဒဏ်ကြောင့် လူနှစ်ထောင့် သုံးရာကျော် သေဆုံးခဲ့ရအပြီး တရက်အကြာ တနင်္ဂနွေနေ့မှာ ပြင်းအားကြီး နောက်ဆက်တွဲ ငလျင်ကြီးတခု ထပ်လှုပ်ခဲ့ပါတယ်။

ပြင်းအား ၆ဒဿမ၇ ရှိတဲ့ အဲဒီ နောက်ဆက်တွဲ ငလျင်ဒဏ် ကြောင့် အဆောက်အအုံတွေ ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့ပြီး ခတ္တမန္ဒူမြို့တော်နဲ့ အနီးတဝိုက်ဒေသတွေမှာ ဘေးလွတ်ရာ ဟင်းလင်းပြင်နေရာတွေဆီ လူတွေ ထွက်ပြေး ခိုလှုံခဲ့ ကြရပါတယ်။

လူသူ အရောက်အပေါက်နည်းတဲ့ ဒေသတွေကို ရဟတ်ယာဉ် တွေနဲ့ သွားရောက် ကယ်ဆယ်နိုင်ဖို့ ကြိုးစားနေကြပြီး ထိခိုက်သေဆုံးသူ အရေအတွက် အတိအကျ သိရဖို့ အချိန်ယူရအုံးမယ်လို့ ကယ်ဆယ်ရေး သမားတွေက ပြောပါတယ်။

ကျန်းမာရေး အဖွဲ့တွေနဲ့ အထောက်အပံ့ ပစ္စည်းတွေ နီပေါနိုင်ငံထဲ လေယာဉ်နဲ့ ရောက်လာနေပြီ ဖြစ်ပေမယ့် ယာယီတဲတွေ၊ သောက်သုံးရေတွေ နဲ့ အလောင်းထည့်ဖို့ အိတ်တွေ နောက်ထပ် လိုအပ်နေတယ်လို့ နီပေါ အစိုးရက ပြောပါတယ်။

ခတ္တမန္ဒူမြို့တော်မှာ လူတထောင်ကျော်လောက်ဟာ ငလျင်ဒဏ် ထိထားတဲ့ နေအိမ်တွေထဲ ပြန်နေဖို့ အကြီးအကျယ် ကြောက်နေကြပြီး ယာယီတဲတွေမှာပဲ နေနေကြတယ်လို့ ခတ္တမန္ဒူမြို့မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဧဝရက်တောင်မှာလည်းအခုနောက်ဆုံး ဖြစ်ပွားခဲ့တဲ့ နောက်ဆက်တွဲ ငလျင်ဒဏ်ကြောင့် နောက်ထပ် ဆီးနှင်း ပြိုကျမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ထိခိုက် သေဆုံးသူ ရှိတယ် ဆိုတဲ့ သတင်းကို လောလောဆယ် မရသေးပါဘူး။

စနေနေ့ ငလျင်လှုပ်တုန်းက ဆီးနှင်း ပြိုကျခဲ့စဉ် အတွင်းမှာတော့ တောင်တက်သမား ၁၇ဦး သေဆုံးခဲ့ပါတယ်။

Image caption နောက်ဆက်တွဲ ငလျင်ကြောင့် ဆီးနှင်းတွေ ထပ်ပြိုခဲ့လို့ ဧဝရက်တောင် အထက်ပိုင်းမှာ ပိတ်မိနေသူ တောင်တက်သမား တရာလောက် ထိတ်လန့်တကြား ဖြစ်ခဲ့ကြ

ဟိမဝန္တာတောင်တန်းရဲ့ တခြားနေရာတွေမှာ တိုးချဲ့ ရှာဖွေ ကယ်ဆယ်မှုတွေ လုပ်နေတယ်လို့ နီပေါ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြောပါတယ်။

ရာသီဥတုဆိုးဝါးမှုဒဏ်ကြောင့် ရဟတ်ယာဉ်တွေနဲ့ လိုက်လံ ရှာဖွေ ကယ်ဆယ်နေမှု လုပ်ငန်းတွေ နှောင့်နှေးနေရတယ်လို့ နီပေါ ကမ္ဘာလှည့် ခရီးသွား ဝန်ကြီးက ပြောပါတယ်။

ဧဝရက်တောင်ပေါ်က တောင်တက်သမား တရာလောက် အသက်ဘေးက လွတ်ခဲ့ကြပေမယ့် တောင်အပေါ်ပိုင်းက စခန်းတွေမှာ ပိတ်မိနေကြပါတယ်။

တခါ စနေနေ့ ငလျင်ဒဏ်အတွင်း အနည်းဆုံး လူ၁၇ဦး သေဆုံးခဲ့တဲ့ တိဘက်ပြည်နယ်မှာလည်း နောက်ဆက်တွဲ ငလျင်ဒဏ် ကို ခံခဲ့ရပါတယ်။

လူတဒါဇင်လောက် ဒဏ်ရာ ရခဲ့ပြီး လူတသောင်းကျော် ဘေးလွတ်ရာ ထွက်ပြေး ခိုလှုံခဲ့ကြရပါတယ်။

တရုတ် နယ်ခြားစောင့် တပ်ဖွဲ့ဝင် ရာပေါင်းများစွာကို လောလောဆယ် ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ တာဝန်ချထားပါတယ်။