ငလျင်​ကို​ကြောက်​လို့ နီ​ပေါ​မှာ လူ​တွေ အပြင်​မှာ​ပဲ ဆက်​အိပ်​နေ

  • 27 ဧပြီ 2015
nepal ဓာတ်ပုံ မူပိုင် AP
Image caption နီပေါငလျင်ကြောင့် လူ ၂၅၀၀ ကျော် သဆုံးပြီး အမြောက်အများ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

နီပေါ နိုင်ငံ မှာ စနေနေ့ က အင်အားကြီး ငလျင် လှုပ်ခတ်ခဲ့တဲ့ နောက် သိန်းနဲ့ ချီတဲ့ လူတွေ ဟာ အဆောက်အဦ တွေ ရဲ့ အပြင်ဘက် ဟင်းလင်းပြင် မှာ ပဲ ဒုတိယ မြောက် ည ကုန်ဆုံး ခဲ့ရ ပြန် ပါတယ်။

အဲဒီ့ ငလျင်ဒဏ် ကြောင့် လူ နှစ်ထောင့် ငါးရာ ကျော် အသက် ဆုံးရှုံး ခဲ့ကြရ ပါတယ်။

ငလျင် ရဲ့ နောက်ဆက် တွဲ အဖြစ် အခု ဆို နီပေါ မှာ ရေနဲ့ စားနပ် ရိက္ခာ နည်းပါ လာပြီး လျှပ်စစ် ပြတ်တောက် တာ တွေ လည်း မကြာခဏ ဖြစ်ပေါ် နေရတယ် လို့ ကုလသမဂ္ဂ ရဲ့ ကလေးသူငယ်များ ဆိုင်ရာ အေဂျင်စီ ဖြစ်တဲ့ ယူနီဆက်ဖ် က ပြောပါတယ်။

ငလျင် ဒဏ် သင့်တဲ့ ဒေသ တွေ မှာ ကလေးသူငယ် ဦးရေ ဟာ ၁ သန်း နီးပါး ရှိတယ် လို့လည်း ယူနီဆက်ဖ် က ဆိုပါတယ်။

အမေရိကန် နဲ့ ဗြိတိန် အစိုးရ တွေ က နီပေါ ကို ကယ်ဆယ်ရေး အဖွဲ့ တွေ ထပ်မံ စေလွှတ် ထား ပေမယ့် အဆောက်အဦ အပြို အပျက် တွေ နဲ့ လမ်းတွေ ပိတ်ဆို့ နေတဲ့ အပြင် ရာသီ ဥတု ဆိုးရွား နေလို့လည်း အလုပ် မတွင် နိုင် ဖြစ်နေရ ပါတယ်။

တခါ၊ နီပေါ ငလျင် ကြောင့် ရေခဲတောင် ပြိုကျမှု တွေ ဖြစ်ခဲ့ရတဲ့ အတွက် ဧ၀ရတ် တောင် တက် သမားတွေ ဟာ သူတို့ရဲ့ ပစ္စည်း ကိရိယာ တွေ ဆုံးရှုံး ကုန် ကြလို့ ပြန်မဆင်း နိုင် ပဲ ပိတ်မိ နေကြ တယ် ဆိုပြီး ကယ်ဆယ်ရေး သမား တွေ က ပြောပါတယ်။

တောင်တက် သမား ၁၇ ဦး အသက် ဆုံးရှုံး ခဲ့ရ ကြောင်း စာရင်း ထွက် ပေါ် လာပြီး ပိတ်မိ နေဆဲ သူတွေ ကို ကယ်တင်ဖို့ ကလည်း ရာသီဥတု အခြေအနေ ကြောင့် ရဟတ်ယာဉ် တွေ စေလွှတ် လို့ မရ ဖြစ်နေတယ် လို့ နီပေါ ရဲ့ ခရီးသွား လုပ်ငန်း ဝန်ကြီး ဒိပတ်ခ် ချန္ဒြာ အာမတ်ယာ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ