တရုတ်ကို ဖျောင်းဖျမယ်လို့ မလေးရှား ဝန်ကြီးချုပ် ပြော

ဓာတ်ပုံ မူပိုင် epa
Image caption အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို ဧပြီ ၂၇ ရက်က ကွာလာလမ်ပူ မြို့မှာ ဖွင့်လှစ်ခဲ့။

တောင်တရုတ် ပင်လယ်ထဲက အငြင်းပွား ကျွန်းတွေ ပေါ်မှာ အဆောက်အဦတွေ ဆောက်လုပ်ခြင်း အားဖြင့် ဒေသတွင်း မတည်မငြိမ် ဖြစ်မှုကို မဖန်တီးသင့်ကြောင်း တရုတ် နိုင်ငံကို နားချနိုင်ဖို့ မျှော်လင့် ထားတယ်လို့ မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇက် က ပြောပါတယ်။

ကွာလာ လမ်ပူ မြို့တော်မှာ ကျင်းပတဲ့ အာဆီယံ အရှေ့တောင် အာရှ နိုင်ငံများ ထိပ်သီး ဆွေးနွေးပွဲမှာ မစ္စတာ ရာဇက် က ပြောဆိုခဲ့တာ ဖြစ်ပြီး တရုတ်ကို ဖျောင်းဖျမယ့် သူ့ရဲ့ သံတမန်ရေး ချဉ်းကပ်မှုက အပြုသဘော ဆောင်တယ် လို့လည်း ကာကွယ် ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားဟာ အာဆီယံ နိုင်ငံတွေနဲ့ ထိပ်တိုက် ဖြစ်နေတယ်လို့ မထင်မြင်ရအောင် ဆောင်ရွက်ဖို့ တရုတ်ကို နားချ နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း၊ ဒေသတွင်း မတည်ငြိမ်ရင် တရုတ်လည်း အကျိုးရှိမှာ မဟုတ်ကြောင်း မလေးရှား ဝန်ကြီးချုပ်က ပြောသွားပါတယ်။

ဒေသတွင်း တခြား နိုင်ငံတွေကလည်း ပိုင်ဆိုင်တယ်လို့ ပြောဆိုနေတဲ့ ကျွန်းစုတွေ ပေါ်မှာ တရုတ် နိုင်ငံက ဆောက်လုပ်ရေးတွေ လုပ်ဆောင်နေတဲ့ ဓာတ်ပုံတွေကို မကြာသေးခင်က ပေါ်ထွက် လာတဲ့ ဂြိုဟ်တု ပုံရိပ်တွေမှာ တွေ့မြင် ရပါတယ်။

တရုတ် နိုင်ငံဟာ အာဆီယံ နိုင်ငံ အတော်များများ အတွက် အဓိက ရင်းနှီး မြှုပ်နှံသူ ဖြစ်နေတာကြောင့် တရုတ်ကို ဝေဖန် ပြောဆိုဖို့ အာဆီယံက တွန့်ဆုတ် နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ