နီပေါမှ ရှေးဟောင်းအမွေအနှစ် ပြန်လည်တည်ဆောက်ရေး

  • 27 ဧပြီ 2015
_nepal_304x171_epa ဓာတ်ပုံ မူပိုင် epa
Image caption နီပေါမှ ရှေးဟောင်းအမွေအနှစ်

နီပေါ နိုင်ငံ မှာ ငလျင်ဒဏ်ကြောင့် လူအသေအပျောက် ၄၀၀၀ နီးပါး ရှိနေပြီ ဖြစ်သလို ရှေးဟောင်း စေတီ ပုထိုးတော် တွေ နဲ့ အဆောက်အအုံ တွေပါ ပြိုကျ ပျက်စီး ကုန်ပါတယ်။ လောလောဆယ် မှာတော့ ဒုက္ခရောက်နေကြတဲ့ သူတွေ ကို ဦးစားပေး ကူညီနေရသလို၊ အဆောက်အဦး အပြိုအပျက်တွေ အောက် မှာ အသက်ရှင် ကျန်ရစ်ဖွယ် ရှိသူတွေ ကို ကျွမ်းကျင်သူတွေ နဲ့ ရှာဖွေ ကယ်ဆယ်ရေး လုပ်နေရပါတယ်။

ဒါ့အပြင် ဟိမဝန္တာ တောင်တန်းပေါ် မှာ သောင်တင်နေတဲ့ တောင်တက် သမားတွေ ကိုလည်း ရဟတ်ယာဉ် တွေနဲ့ တင်ဆောင် ခေါ်လာရပါသေးတယ်။ ရဟတ်ယာဉ် ကလည်း လူအများအပြား တင်လို့ မရလို့ တောင်ပေါ် က လူတွေ အားလုံး ကို မခေါ်နိုင်သေးပါဘူး။

နောက်ဆက်တွဲ ငလျင် ကို ကြောက်နေကြဆဲ ဖြစ်တဲ့ အတွက် မိမိ တို့ရဲ့ နေအိမ်ထဲ ပြန်မဝင်ကြသေးပဲ မြေကွက်လွတ်တွေ မှာ တဲထိုးနေသူတွေ လည်း အများအပြား ရှိနေ ကြပါတယ်။ အစားအသောက် အခက်အခဲ၊ သောက်သုံးရေ ပြတ်လပ်မှု၊ လျှပ်စစ် ပြတ်တောက်မှုတွေ စတာတွေ ကြောင့် ဒုက္ခမျိုးစုံ တွေ့နေရပါတယ်။ ဒီထက်စိုးရိမ်နေတာက ရောဂါဘယ တွေ ပြန့်ကုန်မှာလည်း နိုင်ငံတကာ က ထည့်တွက်နေရပါတယ်။

ကုလသမဂ္ဂ ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းမှု အဖွဲ့ ယူနက်စ်ကို ကတော့ လက်ရှိ ရှေးမူလက်ရာ အပျက်အစီး ရဲ့ အတိုင်းအဆ ကို တွက်ချက်ဖို့ မလွယ်သေးတဲ့ အကြောင်း ညွှန်မှူး ကီရှိုး ရာအို က ခတ္တမန်ဒူ မြို့တော်မှာ ဆိုရင် ဒါဘာအရပ် ရှေးဟောင်း နန်းတော်ရှေ့ ရှိ ၃ ရာစုနှစ် က အဆောက်အအုံတွေ ဟာ ရစရာ မရှိအောင် ပြိုကျ ပျက်စီး ကုန်ပါတယ်။ ပါတန် နဲ့ ဘဒ်တာပါ မှာလည်း အလားတူပါပဲ။ ယူနက်စကို အဖွဲ့ရုံး ဟာ ဒီမှာ ဖွင့်ထားလို့ ရုံးဝန်ထမ်းတွေ ရှိနေပေမဲ့လည်း လောလောဆယ် မှာ ဘာမှ မလုပ်နိုင်သေးပါဘူး လို့ ပြောတာပါ။

ပြန်လည် ပြုပြင်တည်ဆောက်ရေး အပိုင်းမှာလည်း အချိန်ရော ငွေပါ အများကြီးကုန်ကျဖို့ ရှိနေတဲ့ အကြောင်း၊ တခု ကံကောင်းတာ က ဒီရှေးဟောင်း အဆောက်အအုံ တွေ နဲ့ ပတ်သက်လို့ အတိအကျ မှတ်တမ်းတင်ထား တာတွေ ရှိလို့ နိုင်ငံတကာ အဖွဲ့တွေ ရဲ့ အကူအညီတွေ နဲ့ ပြန်လည် တည်ဆောက်နိုင်မယ် လို့ မြှော်လင့်ပုံ လည်း ရှင်းပြပါတယ်။