ဗဟိုအာဖရိကမှာ ကလေးတွေကို ပြင်သစ် ငြိမ်းချမ်းရေးတပ်ဖွဲ့တွေ မတရား ကျင့်တယ်လို့စွပ်စွဲ

ဓာတ်ပုံ မူပိုင် BBC World Service
Image caption ပြစ်မှု ထင်ရှားတဲ့ ဘယ်စစ်သားကိုမဆို အပြင်းထန်ဆုံး ပြစ်ဒဏ်ပေးဖို့ ပြင်သစ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြော

ဗဟို အာဖရိက သမ္မတနိုင်ငံမှာ တာဝန်ထမ်းဆောင်နေစဉ် ပြင်သစ် ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်တွေက ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုကျင့်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ပြင်သစ် အစိုးရ ရှေ့နေတွေက စုံစမ်း စစ်ဆေးနေပါတယ်။

ပြစ်မှု ထင်ရှားတဲ့ ဘယ်စစ်သားကိုမဆို အပြင်းထန်ဆုံး ပြစ်ဒဏ်နဲ့ အရေးယူ အပြစ်ပေးဖို့ တောင်းဆိုမယ်လို့ ပြင်သစ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက ကုလသမဂ္ဂ ကယ်ဆယ်ရေး အဆင့်မြင့် ဝန်ထမ်းတဦးက ပြင်သစ် အစိုးရထံ တင်ပြခဲ့တဲ့ သက်သေ အထောက်အထားတွေကို အခြေခံပြီး စုံစမ်း စစ်ဆေးမှုတွေ စလုပ်နေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အဖွဲ့က အရေးယူတာမျိုးတွေ မရှိဘူးလို့ ယူဆတဲ့အတွက် အခုလို ပြင်သစ် အစိုးရထံ တင်ပြခဲ့ရတာလို့ အဲဒီ ဝန်ထမ်းက ပြောပါတယ်။

ကုလသမဂ္ဂကတော့ အဲဒီ ဝန်ထမ်းဟာ စော်ကားခံခဲ့ရတဲ့ ကလေးငယ်တွေ၊ မျက်မြင်သက်သေတွေ၊ စုံစမ်း စစ်ဆေးသူတွေဟာ ဘယ်သူ ဘယ်ဝါ ဖြစ်တယ် ဆိုတာကို ဖေါ်ပြထားတဲ့ တည်းမဖြတ်ရသေးတဲ့ ကုလသမဂ္ဂ အစီရင်ခံစာကို ပြင်သစ် အစိုးရကို ပေးခဲ့တဲ့အတွက် သူ့ကို စုံစမ်း စစ်ဆေးနေကြောင်းနဲ့ ဒီအတောအတွင်း ရာထူးကနေ ဆိုင်းငံ့ထားကြောင်း ပြောပါတယ်။

အဲဒီ အစီရင်ခံစာမှာ ပါတဲ့ လူတွေရဲ့ လုံခြုံရေးကို ထိခိုက်စေမယ့် သတင်းအချက်အလက်တွေကို လျှော့ချဖို့က ကုလသမဂ္ဂရဲ့ ပုံမှန် လုပ်ထုံးလုပ်နည်းပဲ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် Farhan Haq က ဘီဘီစီ ကို ပြောပါတယ်။