နီပေါ ငလျင် ၅ ရက်အကြာ လူ ၂ ဦးကို ကယ်တင်နိုင်

ဓာတ်ပုံ မူပိုင် AP
Image caption သူ့ကို ဆွဲထုတ် ကယ်ဆယ်နိုင်ခဲ့စဉ် လူအုပ်ကြီးက ဝိုင်းဝန်း သြဘာပေးခဲ့ကြ။

နီပေါ နိုင်ငံမှာ ငလျင် ဘေးဆိုးကြီး ကြုံတွေ့ခဲ့ပြီး ၅ ရက်ခန့် အကြာ၊ မြို့တော် ခတ္တမန္ဒူက အဆောက်အဦး ပျက်တွေ ကြားမှာ အသက်ရှင် နေသေးတဲ့ လူ ၂ ဦးကို ကယ်ဆယ်ရေး သမားတွေက သီးခြားစီ ဆွဲထုတ် ကယ်ဆယ် နိုင်ခဲ့ပါတယ်။

ပထမ တစ်ယောက်ကတော့ ၁၅ နှစ်သား လူငယ် တစ်ဦး ဖြစ်ပြီး သူက ရေစို အဝတ်တွေက ညှစ်လို့ရတဲ့ ရေကို သောက်၊ ထောပတ်ဆီကို စားပြီး အသက်ရှင် ခဲ့တာလို့ ဆိုပါတယ်။

ဒုတိယ တစ်ယောက်ကတော့ အမျိုးသမီး တစ်ဦး ဖြစ်ပြီး သူကတော့ ပြိုကျခဲ့တဲ့ တိုက်ခန်းထဲမှာ တခြား လူ ၃ ဦးရဲ့ အလောင်းတွေနဲ့ အတူ ပိတ်မိ နေခဲ့တာပါ။

ငလျင်ဒဏ်ကြောင့် နီပေါ နိုင်ငံ အနှံ့မှာ အခုချိန် အထိ လူပေါင်း ငါးထောင့် ငါးရာကျော် သေဆုံးခဲ့ပြီလို့ အရာရှိတွေက ဆိုပါတယ်။

ငလျင် ဗဟိုချက် အနီးက သွားလာရ ခက်ခဲတဲ့ ကျေးရွာတွေမှာ အစားအစာ၊ ရေနဲ့ တခြား အကူအညီတွေ လိုအပ်နေဆဲ ဖြစ်ပြီး တချို့ ကျေးရွာတွေကို ရောက်ရှိနိုင်ဖို့ ၅ ရက်လောက် အချိန် ယူရတယ်လို့ ကုလ သမဂ္ဂက ပြောပါတယ်။

နီပေါကို ကူညီဖို့အတွက် ကုလ သမဂ္ဂက လာမယ့် ၃ လ အတွင်း ဒေါ်လာ ၄၁၅ သန်း တောင်းခံ ထားပါတယ်။

ခတ္တမန္ဒူ မြို့တော်က နိုင်ငံတကာ လေဆိပ်မှာလည်း အကူအညီတွေ သယ်ဆောင်လာတဲ့ လေယာဉ်တွေ အတွက် ပြေးလမ်း တစ်ခုသာ ရှိတဲ့အတွက် ခရီးစဉ်တွေ စုပြုံ ကျပ်ညပ် နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ