နီပေါမှာ အီးယူ နိုင်ငံသား တစ်ထောင် ပျောက်ဆုံးနေ

ဓာတ်ပုံ မူပိုင် AFP
Image caption နီပေါမှာ သေဆုံးသူ တစ်သောင်း ကျော်သွား နိုင်တယ်လို့ ခန့်မှန်းထား။

နီပေါ နိုင်ငံမှာ ပြင်းအားကြီး ငလျင် လှုပ်ခတ်ခဲ့ပြီး တစ်ပတ် နီးပါး ကြာလာ ချိန်မှာ အီးယူ နိုင်ငံသား ၁ ထောင် ပျောက်ဆုံးနေပြီး သူတို့ကို ရှာဖွေ ဆက်သွယ်ဖို့ ခက်ခဲနေတယ်လို့ နီပေါ အရာရှိတွေက ပြောပါတယ်။

အဲဒီ အီးယူ နိုင်ငံသား တစ်ထောင်ထဲက အများစုဟာ ဧဝရက် တောင်နဲ့ လန်တန် တောင်တန်း ဒေသ တဝိုက်မှာ ခရီးထွက်နေ ခဲ့ကြတယ်လို့ ယူဆရကြောင်း အီးယူ အရာရှိ တစ်ယောက်က ပြောပါတယ်။

အများစုကိုတော့ အသက်ရှင် နေလိမ့်မယ်လို့ ယူဆရပြီး ငလျင်ဒဏ်ကြောင့် အဆက်အသွယ် ပြတ်တောက် နေတာလို့ မျှော်လင့်ရပါတယ်။

ငလျင်ဒဏ် ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် နိုင်ငံတကာကနေ ရဟတ်ယာဉ်တွေ ပေးပို့ကြဖို့ နီပေါ အစိုးရက အကူအညီ တောင်းခံ ထားပါတယ်။

သွားလာရ ခက်တဲ့ ဒေသတွေက ထောင်နဲ့ချီတဲ့ လူတွေရဲ့ ကံကြမ္မာကို မသိရသေးတဲ့အတွက် သေဆုံးသူ အရေအတွက် တစ်သောင်း အထိ ရှိလာနိုင်တယ်လို့ နီပေါ အစိုးရက ပြောထားပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေက ခတ္တမန္ဒူ မြို့တော်နဲ့ အနီးတဝိုက် ဒေသတွေမှာပဲ ရှာဖွေ ကူညီရေးတွေ လုပ်ဆောင် နေနိုင်ပေမယ့် အဲဒီ အရောက်အပေါက် ခက်ခဲတဲ့ ဒေသတွေကို သွားရောက်ဖို့တော့ ဆိုးရွားတဲ့ ရာသီဥတု အခြေအနေနဲ့ မြေပြိုမှုတွေကြောင့် အခက်တွေ့ နေပါတယ်။

ကုလသမဂ္ဂကတော့ လာမယ့် ၃ လ အတွက် ကူညီရေး ရန်ပုံငွေ အဖြစ် နိုင်ငံတကာကို ဒေါ်လာ ၄၁၅ သန်း တောင်းခံထားပြီး အခုချိန် အထိ ဒေါ်လာ ၅ ဒသမ ၈ သန်းသာ ရရှိသေးတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ