ယူကေ ပါတီ ၃ခု ခေါင်းဆောင်တွေ ရုပ်သံ မေးဖြေ

ဓာတ်ပုံ မူပိုင် Reuters
Image caption ထောက်ပံ့ငွေ ဖြတ်တောက်မှုတွေနဲ့ ပတ်သက်ပြီး ဒေးဗစ် ကင်မရွန်း ရှင်းလင်းခဲ့။

ယူကေ နိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပဖို့ တစ်ပတ်သာ လိုတော့တဲ့ အချိန်မှာ ရုပ်သံကနေ တိုက်ရိုက် ထုတ်လွှင့်တဲ့ စကားစစ်ထိုးပွဲ နောက်ဆုံး အစီအစဉ် အဖြစ် အဓိက ပါတီကြီး ၃ ခုရဲ့ ခေါင်းဆောင်တွေ ကြာသပတေးနေ့ ညက ပြည်သူတွေရဲ့ တိုက်ရိုက် မေးမြန်းမှုတွေကို ဖြေကြား ခဲ့ကြပါတယ်။

ကွန်ဆာဗေးတစ်၊ လေဘာနဲ့ လစ်ဘရယ် ဒီမိုကရက် ပါတီ ၃ ခုရဲ့ ခေါင်းဆောင် ၃ ဦးဟာ စီးပွားရေး မူဝါဒ၊ ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်း စတာတွေ ကနေ လူဝင်မှု ကြီးကြပ်ရေး ကိစ္စတွေ အထိ မဲဆန္ဒရှင်တွေရဲ့ စုံလင်တဲ့ မေးခွန်းတွေကို ဖြေကြား ခဲ့ကြရပြီး၊ အချင်းချင်း စကား စစ်ထိုးမှု တွေတော့ အဲဒီ နောက်ဆုံးနေ့ အစီအစဉ်မှာ မရှိခဲ့ပါဘူး။

ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကတော့ အသုံးစရိတ်နဲ့ ထောက်ပံ့ငွေတွေ ဖြတ်တောက်မှုကြောင့် ကြုံလာမယ့် အကျိုးဆက်တွေနဲ့ ပတ်သက်ပြီး မေးခွန်း မေးသူတွေရဲ့ စောဒက တက်တာကို ခံခဲ့ရသလို၊ လေဘာ ပါတီ ခေါင်းဆောင် အက်ဒ် မီလီဘန်းဒ် ကတော့ လေဘာ အစိုးရ တက်ခဲ့ချိန်က တင်ကျန်ခဲ့တဲ့ အကြွေးတွေနဲ့ ပတ်သက်ပြီး ထိုးနှက်တာကို ခံခဲ့ရပါတယ်။

အခုချိန်အထိ မဲဆန္ဒရှင်ပေါင်း ၁၀ သန်းလောက်က ဘယ်သူ့ကို မဲပေးရမယ် ဆိုတာ မဆုံးဖြတ်ရသေးတဲ့ အတွက် အခု ရွေးကောက်ပွဲဟာ မှန်းဆရ အခက်ဆုံး ရွေးကောက်ပွဲ တစ်ခု ဖြစ်လာမယ်လို့ မျှော်လင့် ထားကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ