Baltimore မြို့ ရဲအရာရှိတွေကို တရားစွဲလိုက်

ဓာတ်ပုံ မူပိုင် EPA
Image caption Freddie Gray သေဆုံးမှုကြောင့် အကြမ်းဖက် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့

အမေရိကန်နိုင်ငံ Baltimore မြို့မှာ ရဲတွေရဲ့ ထိန်းသိမ်းခံ ထားရစဉ်အတွင်း Freddie Gray ဆိုသူ လူမည်းတဦး သေဆုံးသွားခဲ့မှုနဲ့ ရဲအရာရှိ ၆ဦးကို ရာဇဝတ်ကြောင်း အရ တရားစွဲဆို လိုက်ကြောင်း Baltimore မြို့ အစိုးရရှေ့နေတွေက ထုတ်ဖော် ကြေညာ လိုက်ပါတယ်။

ရဲအရာရှိတွေအပေါ် စွဲချက်တင်လိုက်ပြီဆိုတဲ့ ဒီကြေညာချက်ကြောင့် အကြီးအကျယ် စိတ်မကောင်း ဖြစ်မိရတယ်လို့ Baltimore မြို့တော်ဝန် Stephanie Rawlings-Blake က ပြောပါတယ်။

ဒါပေမယ့်လည်း ဥပဒေအထက်မှာ ဘယ်သူမှ မရှိသင့်ကြောင်းနဲ့ ကျောသား ရင်သား မခွဲခြားပဲ တရားဥပဒေအတိုင်း အရေးယူ အပြစ်ပေးတာကို ခံရမှာ ဖြစ်ကြောင်း မြို့တော်ဝန် Stephanie Rawlings-Blake က ပြောပါတယ် ။

အခုဆိုရင် အဲဒီ ရဲအရာရှိ ၆ဦး စလုံးကို ထိန်းသိမ်းထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရည်ရွယ်စိတ် မရှိပဲ လူသတ်ခဲ့မှု၊ လူသေစေမှု၊ ရိုက်နှက် ညှင်းဆဲမှု၊ ဥပဒေချိုးဖောက်ပြီး ဖမ်းဆီး ထိန်းသိမ်းခဲ့မှု စတဲ့ စွဲချက်တွေနဲ့ သူတို့ကို တရားစွဲဆိုခဲ့တာပါ။

Baltimore ရဲတပ်ဖွဲ့ သမဂ္ဂ ရှေ့နေကတော့ ဒါဟာ အလျင်စလို တက်သုတ်ရိုက်ပြီး ရာဇဝတ်ကြောင်း အရ စွဲချက်တင်ခဲ့တာ ဖြစ်တယ် ဆိုပြီး ရှုတ်ချ ပြောဆိုလိုက်ပါတယ်။

Freddie Gray သေဆုံးခဲ့မှုကြောင့် Baltimore မြို့မှာ အကြမ်းဖက် ဆန္ဓပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

Freddie Gray သေဆုံးခဲ့ရမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးသူတွေအနေနဲ့ အမှုမှန် ဖေါ်ထုတ်နိုင်ရေးက သိပ်ကို အရေးကြီးတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။