ထိုင်းမှာမြှုပ်ထားတဲ့ လူကုန်ကူးအလောင်းတွေ တူးဖော်

Thailand Corpse Rohingya ဓာတ်ပုံ မူပိုင် epa
Image caption အလောင်း ၂၆ လောင်းကို တွေ့ရှိထား

ထိုင်းနဲ့ မလေးရှားနယ်စပ်က တောထဲမှာ လူသေတွေကို မြှုပ်ထားတဲ့ မြေကျင်း ၃၀ လောက်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက တွေ့ခဲ့ရပြီးတဲ့နောက် အခုတော့ အလောင်းတွေကို အာဏာပိုင်တွေက ဆက်လက် တူးဖော် စစ်ဆေးနေပါတယ်။

စနေနေ့တုန်းကထိ စုစုပေါင်း ၂၆ လောင်းကို တွေ့ရှိထားတယ်လို့ ထိုင်းရဲတပ်ဖွဲ့ဘက်က ပြောပါတယ်။

ဒီအလောင်းတွေဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လူကုန်ကူးခံရတဲ့ သူတွေ ဖြစ်ဖို့ များတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ ဒီနေရာဟာ ရိုဟင်ဂျာမွတ်ဆလင်တွေကို လူကုန်ကူးလေ့ရှိတဲ့ နေရာလို့လည်း ဒေသခံ သတင်းထောက်တွေက ပြောပါတယ်။

သူတို့ ဘာကြောင့် သေဆုံးတယ်ဆိုတာ တိတိကျကျ မသိရသေးပေမယ့် အများစုဟာ ရောဂါနဲ့ ငတ်မွတ်မှုကြောင့် သေတာ ဖြစ်နိုင်တယ်လို့ ထိုင်းရဲက ပြောပါတယ်။

ဒီလို နေရာမျိုးတွေမှာ လူကုန်ကူးသူတွေက ဖမ်းထားပြီး ရိုက်နှက်၊ ပြီးတော့ သူတို့မိသားစုတွေဆီမှာ ပြန်ပေးငွေတောင်းပြီး ရတဲ့အခါမှ ပြန်လွှတ်ပေးတတ်တယ်လို့ ထိုင်းအခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က Phil Robertson က သူတို့ရဲ့ အရင်မှတ်တမ်းတွေနဲ့ နှိုင်းယှဉ်ပြီး ပြောပါတယ်။

လူကုန်ကူးသူတွေကို ထိုင်းငွေ ဘတ် ၅ သောင်းကနေ ၇ သောင်း အထိပေးရလေ့ရှိပါတယ်။ ဒေါ်လာနဲ့ဆိုရင် ၂၅၀၀၊ ၂၇၀၀ လောက်ရှိတယ်။ ဒီလုပ်ငန်းဟာ အကျိုးအမြတ်ရှိတဲ့လုပ်ငန်းဖြစ်နေပြီး ထိုင်းအာဏာပိုင်တွေ၊ အထူးသဖြင့် ဒေသအဆင့် အာဏာပိုင်တွေက မျက်ကွယ်ပြုထားတယ်။ ဒါဟာ သူတို့အကျိုးအမြတ်ရနေလို့လည်း ဖြစ်နိုင်ပါတယ်လို့ သူက ဆိုပါတယ်။

လက်ရှိ ပြဿနာကို လွတ်လပ်စွာ စုံစမ်းစစ်ဆေးဖို့လိုနေပြီး ကုလသမဂ္ဂလိုပြင်ပက အဖွဲ့အစည်းမျိုးမပါဘဲ ပွင့်လင်းမြင်သာပြီး စေ့စပ်သေချာတဲ့ စုံစမ်းစစ်ဆေးမှုမျိုး ဖြစ်လာမှာတော့ မဟုတ်ဘူးလို့လည်း မစ္စတာ ရောဘတ်ဆန်က ပြောပါတယ်။

ထိုင်းနိုင်ငံကို ကမ္ဘာမှာ လူကုန်ကူးမှုပြဿနာအဆိုးဆုံး အဆင့် ၃ မှာ အမေရိကန်က စာရင်းသွင်းထားပါတယ်။