တက္ကဆက် သေနတ်သမား နှစ်ဦးကို ရဲက အသေပစ်

texas ဓာတ်ပုံ မူပိုင် AP
Image caption အစ္စလာမ် ကို ဝေဖန်တဲ့ အဖွဲ့က လုပ်တဲ့ပွဲကို ပစ်ခတ်

အမေရိကန် နိုင်ငံ တက္ကဆက်စ်ပြည်နယ် Dallas မြို့မှာ တမန်တော် မိုဟာမက်ဒ် ပုံ ကာတွန်း ပြိုင်ပွဲ ကျင်းပနေတဲ့ ခန်းမ တခုရဲ့ အပြင်ဘက်မှာ သေနတ် ပစ်ခတ်ခဲ့သူ သေနတ် သမား နှစ်ဦးကို ရဲတွေက အသေ ပစ်သတ် ဖမ်းဆီး ခဲ့ပါတယ်။

Arizona မှာ ရှိတဲ့ အဲဒီ လူတွေရဲ့ တိုက်ခန်း မှာ လူ တဦးတလေ ကိုမှ မတွေ့ခဲ့ရကြောင်း၊ ဒါပေမဲ့ အထောက် အထားတွေ ကိုတော့ စုဆောင်း နေတယ်လို့ FBI ကပြောပါတယ်။

Dallas မြို့ ဆင်ခြေဖုံး ရပ်ကွက် တခု မှာ ပြုလုပ်တဲ့ အဲဒီ ပြိုင်ပွဲ ကို အစ္စလာမ် ဘာသာ ကို အကြီးအကျယ် ဝေဖန် နေတဲ့ American Freedom Defence Initiative လို့ အမည် ပေးထားတဲ့ နယူးယောက်မြို့ အခြေစိုက် လက်ယာစွန်း ဝါဒီ အဖွဲ့တဖွဲ့က ကြီးမှူး ပြုလုပ် ခဲ့တာပါ။

အခု ဒီဖြစ်ရပ်ဟာ အမေရိကန် ပြည်ထောင်စုမှာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုမှုတွေ အပေါ် အကြမ်းဖက် တိုက်ခိုက် ခံနေရတယ် ဆိုတာကို ဖေါ်ပြ နေတာလို့ အဲဒီ အဖွဲ့ကို တည်ထောင် ခဲ့သူ တဦးဖြစ်တဲ့ Pamela Geller က ပြောပါတယ်။

အသေပစ်ခတ် ဖမ်းဆီးမိတဲ့ သေနတ်သမား ၂ ယောက် အနက် တယောက်ဟာ အကြမ်းဖက် သမားလို့ အစထဲက သံသယ ရှိနေသူ ဖြစ်တယ်လို့ အမေရိကန် မီဒီယာ တွေက ပြောကြား ပါတယ်။

သေဆုံးသူ Elton Simpson ဟာ ဘာသာရေး စစ်ပွဲ ဝင်ဆင်နွှဲဖို့ အတွက် နိုင်ငံခြား သွားဖို့ ကြံစည်တယ်လို့ မသင်္ကာ ခံရကြောင်း ဥပဒေ စိုးမိုးရေး အရာရှိ တွေကို ကိုးကားပြီး အမေရိကန် သတင်းစာ တွေက ဖော်ပြ ထားပါတယ်။

မသင်္ကာ သူတွေကို ဆက်ပြီး ရှာဖွေ စုံစမ်း သွားမယ်လို့လည်း ရဲဘက် က ပြောပါတယ်။

Nadir Soofi လို့ အမည် ဖော်ထုတ် လို့ရတဲ့ နောက် သေနတ်သမားနဲ့ သူတို့ အရီဇိုးနား ပြည်နယ်က တိုက်ခန်း တခုမှာ အတူ နေကြတယ်လို့ သိရပါတယ်။

ပစ်ခတ် ခါနီး အချိန်က သူတို့ လက်ထဲ မှာ ရိုင်ဖယ် သေနတ်တွေ ကိုင်ထားပြီး ကားထဲမှာလည်း ကျည်ဆန်တွေ အများကြီး ပါလာခဲ့ပါတယ်။

လုံခြုံရေး အစောင့်ကို သူတို့ စပစ် ချိန်မှာပဲ ရဲ က သူတို့ကို အသေ ပစ်သတ် ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ