နီပေါမှာ ကူးစက်ရောဂါ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရ

ဓာတ်ပုံ မူပိုင် epa
Image caption ကူးစက်ရောဂါ ပျံ့ပွားမယ့် အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရ။

နီပေါ နိုင်ငံမှာ ပြင်းအားကြီး ငလျင် လှုပ်ခဲ့အပြီး ၁၀ ရက် ကြာလာချိန်မှာ ကူးစက် ရောဂါတွေ ပျံ့ပွားမယ့် အန္တရာယ်နဲ့ ဆိုးဆိုးရွားရွား ကြုံတွေ့ နေရတယ်လို့ ကူညီ ကယ်ဆယ်ရေး အဖွဲ့တွေက သတိပေး လိုက်ပါတယ်။

အမိုးအကာ မလုံလောက်မှု၊ သောက်သုံးရေ မသန့်ရှင်းမှုနဲ့ သင့်လျော်တဲ့ မိလ္လာစနစ် မရှိမှုတွေကြောင့် ဝမ်းရောဂါနဲ့ တခြား ကူးစက် ရောဂါတွေ ဖြစ်ပွား လာနိုင်တယ်လို့ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

ကူးစက် ဝမ်းရောဂါဟာ နီပေါမှာ အရင်ကတည်းက ဖြစ်လေ့ ရှိတဲ့ ရောဂါ ဖြစ်ကြောင်း၊ ငလျင်ဒဏ်သင့် အချို့ ဒေသတွေမှာ လူတွေ အမိုးအကာမဲ့ နေထိုင် နေကြရပြီး အပြင်ဘက်မှာ ကြုံသလို အညစ်အကြေး စွန့်နေကြရကြောင်း ယူကေ အခြေစိုက် သဘာဝ ဘေးအန္တရာယ် အရေးပေါ် ကော်မီတီ DEC အဖွဲ့က ပြောပါတယ်။

ပြင်းအား ၇ ဒသမ ၈ ရှိခဲ့တဲ့ ငလျင်ကြောင့် အတည်ပြုနိုင်တဲ့ သေဆုံးသူ အရေအတွက် ၇ ထောင့် ၅ ရာကျော် ရှိခဲ့ပြီး တစ်သောင်းခွဲ နီးပါး ဒဏ်ရာ ရခဲ့ပါတယ်။

နီပေါ အစိုးရ ကတော့ ငလျင်ဒဏ် အဆိုးရွားဆုံး ခံခဲ့ရတဲ့ ဒေသတွေကို ထောက်ပံ့ရေး ပစ္စည်းတွေ ရောက်ရှိ သွားပြီလို့ ပြောပါတယ်။

နီပေါ နိုင်ငံအတွင်းက ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ကမ္ဘာ အနှံ့က ကယ်ဆယ်ရေး လုပ်သား ၄ ထောင်ကျော် ပါဝင် လုပ်ဆောင် နေတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ