အလက်ပိုမြို့က အရပ်သားတွေ ရက်စက်မှုတွေ ကြုံတွေ့နေ

ဓာတ်ပုံ မူပိုင် Reuters
Image caption အခု သီတင်းပတ်တွေ အတွင်း ဗုံးကြဲ တိုက်ခိုက်မှုတွေ တိုးမြှင့်လာဟု ဆို။

ဆီးရီးယား နိုင်ငံရဲ့ ဒုတိယ အကြီးဆုံး ဖြစ်တဲ့ အလက်ပို မြို့မှာ မဖော်ပြ နိုင်လောက်တဲ့ ရက်စက် ကြမ်းကြုတ်မှု တွေကို အရပ်သားတွေ ကြုံတွေ့ ခံစား နေရတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ Amnesty International က ပြောပါတယ်။

အဲဒီ အဖွဲ့က အသစ် ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာ ထဲမှာ ဆီးရီးယား အစိုးရနဲ့ သူပုန် အဖွဲ့တွေဟာ စစ်ရာဇဝတ်မှု တွေကို နေ့စဉ်နဲ့အမျှ ကျူးလွန် နေကြတယ်လို့ ဖော်ပြ ထားပါတယ်။

အခု လတ်တလော သီတင်းပတ်တွေ အတွင်းမှာ သူပုန်တွေရဲ့ ထိုးစစ်ကို တန်ပြန်တဲ့ အနေနဲ့ အစိုးရက ဗုံးကြဲ တိုက်ခိုက်မှုတွေ တိုးမြှင့် လုပ်ဆောင် လာတယ်လို့ သတင်းတွေ ရရှိပါတယ်။

ဆီးရီးယား အစိုးရက မီးလောင်ဗုံးတွေ သုံးပြီး ဗုံးကြဲနေတယ် ဆိုတဲ့ စွပ်စွဲချက်ကို သမ္မတ အာဆတ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လအတွင်းမှာ ပြုလုပ်တဲ့ ဘီဘီစီနဲ့ အင်တာဗျူးမှာ ခြွင်းချက် မရှိ ငြင်းဆို ခဲ့ပါတယ်။

တနင်္ဂနွေနေ့ကလည်း အလက်ပိုမြို့က နေ့ကလေးထိန်း ကျောင်းကို မီးလောင်ဗုံး ထိမှန်ခဲ့တဲ့ အတွက် ကလေးငယ် ၄ ယောက်နဲ့ ဆရာ တစ်ယောက် အပါအဝင် လူ ၁၀ ဦး သေဆုံး ခဲ့ရပါတယ်။

Amnesty အဖွဲ့ရဲ့ အဲဒီ အစီအရင်ခံစာ ထဲမှာ ၂၀၁၄ ဇန်နဝါရီလ ကနေ ၂၀၁၅ မတ်လ အတွင်း ဆီးရီးယား အစိုးရ တိုက်လေယာဉ် တွေက ပေါက်ကွဲ ပစ္စည်းတွေနဲ့ တွဲထားတဲ့ ဆီတိုင်ကီတွေ၊ ဂက်စ်အိုးတွေကို အလက်ပို မြို့က သူပုန်တွေ ထိန်းချုပ်ရာ ဒေသတွေကို ကြဲချခဲ့တယ်လို့ ဖော်ပြ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ