ပါတီ ခေါင်းဆောင်တွေ ယူကေ အနှံ့ လှည့်လည် စည်းရုံး

ဓာတ်ပုံ မူပိုင် AFP
Image caption အကြိတ်အနယ် အရှိဆုံး ရွေးကောက်ပွဲ ဖြစ်လာနိုင်။

ယူကေ နိုင်ငံမှာ ပါလီမန် ရွေးကောက်ပွဲကြီး ကျင်းပဖို့ ၂ ရက်သာ လိုတော့တဲ့ အချိန်မှာ ရွေးကောက်ပွဲ မဲဆွယ်မှု နောက်ဆုံး အဆင့် အနေနဲ့ အဓိက နိုင်ငံရေး ပါတီကြီး တွေရဲ့ ခေါင်းဆောင် တွေက ယူကေ နိုင်ငံအနှံ့ ၂ ရက်တာ စည်းရုံးရေး ခရီးကို လှည့်လည် နေကြပြီ ဖြစ်ပါတယ်။

ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင် ဒေးဗစ် ကင်မရွန်းက အက်စ်အန်ပီ ပါတီ ထောက်ခံခဲ့တဲ့ အရင် လေဘာ အစိုးရဟာ နိုင်ငံအတွက် အကျိုးမဖြစ်ခဲ့ဘူးလို့ လန်ဒန်မြို့မှာ သတိပေး ပြောဆို ခဲ့ပါတယ်။

လေဘာ ပါတီ ခေါင်းဆောင် အက်ဒ် မီလီဘန်းဒ် ကတော့ ကွန်ဆာဗေးတစ် အစိုးရ လက်အောက်မှာ ဖြတ်တောက် လျှော့ချမှုတွေနဲ့ ကြုံနေရတဲ့ အမျိုးသား ကျန်းမာရေး ဝန်ဆောင်မှု NHS ဆေးရုံတွေကို လေဘာ အစိုးရ ကသာ ကယ်တင် နိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

လစ်ဘရယ် ဒီမိုကရက် ခေါင်းဆောင် နစ် ကလက်ဂ် ကတော့ ရွေးကောက်ပွဲ သုံးသပ်နေသူတွေ ခန့်မှန်း ထားတာထက် သူ့ပါတီက ရွေးကောက်ပွဲမှာ အခြေအနေ ပိုကောင်းမယ်လို့ ဆိုပါတယ်။

ကြာသပတေးနေ့မှာ ကျင်းပတော့မယ့် ရွေးကောက်ပွဲမှာ ဘယ်သူကမှ အပြတ်အသတ် အသာရမယ့် အနေအထား မရှိဘူးလို့ သဘောထား ကောက်ယူမှု စစ်တမ်းတွေအရ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ