အာဖဂန် လူအုပ်နဲ့ သတ်ဖြတ်မှု၊ ၄ ဦးကို သေဒဏ်ချ

Image caption ကိုရ်အာန် ကျမ်းစာကို Farkhunda က မီးရှို့ခဲ့တဲ့ အထောက်အထားလည်း မတွေ့ရကြောင်း အရာရှိတစ်ဦးက ဆို။

အာဖဂန် နစ္စတန် နိုင်ငံ၊ ကာဘူးလ် မြို့တော်မှာ ပြီးခဲ့တဲ့ မတ်လက အမျိုးသမီးငယ် တစ်ယောက်ကို သတ်ဖြတ် ခဲ့မှုနဲ့ ပတ်သက်ပြီး အမျိုးသား ၄ ယောက်ကို တရားရုံးက သေဒဏ် အပြစ် ချမှတ်လိုက်ပါတယ်။

Farkhunda လို့ခေါ်တဲ့ အမျိုးသမီးငယ်ဟာ ကိုရ်အာန် ကျမ်းစာကို မလေးမစား ပြုတယ်လို့ စွပ်စွဲခံရပြီး လူအုပ်စုနဲ့ ရိုက်နှက် သတ်ဖြတ်တာကို ခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီ အမှုနဲ့ ပတ်သက်တဲ့ နောက်ထပ် အမျိုးသား ၈ ယောက်ကတော့ ထောင်ဒဏ် ၁၆ နှစ်စီ ချမှတ် ခဲ့ပြီး ၁၈ ယောက်ကိုတော့ တရားသေ လွှတ်ခဲ့ ပါတယ်။

Farkhunda ရဲ့ မောင်ဖြစ်သူ ကတော့ အခု ချမှတ်လိုက်တဲ့ ပြစ်ဒဏ်တွေကို သူတို့ မိသားစုက သိပ် သဘောမကျဘဲ အဓိက သံသယ ဖြစ်သူတွေ အားလုံးကို ကွပ်မျက် သင့်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

အဲဒီတုန်းက တိုက်ခိုက်မှုကို တားဆီးဖို့ ပျက်ကွက်ခဲ့တဲ့ ရဲအရာရှိ ၁၉ ယောက် အတွက် စီရင်ချက်တွေ ကိုတော့ နောက်ရက်တွေမှာ ချမှတ်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ