ထောက်လှမ်းရေးတွေ လုပ်ပိုင်ခွင့် ပိုရမယ့် ဥပဒေကြမ်း ပြင်သစ်အတည်ပြု

ဓာတ်ပုံ မူပိုင် Reuters
Image caption ပြင်သစ်မှာ ဇန္နဝါရီလတုန်းက အကြမ်းဖက် တိုက်ခိုက်မှုတွေ ကြောင့် လူ၁၇ဦး သေဆုံးခဲ့ရ

ပြင်သစ်နိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေကို တားဆီးဖို့ ရည်ရွယ်တဲ့အနေနဲ့ ထောက်လှမ်းရေး အဖွဲ့တွေကို လုပ်ပိုင်ခွင့် အာဏာသစ်တွေ ပေးရေး ဥပဒေကြမ်းတခုကို ပြင်သစ် ပါလီမန်မှာ မဲအများစုနဲ့ အတည်ပြုလိုက်ကြပါတယ်။

ဇန္နဝါရီလတုန်းက ပြင်သစ်မှာ လူ ၁၇ဦး သေဆုံးခဲ့ရတဲ့ ၃ရက်ကြာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့အပြီးမှာ ဒီဥပဒေကြမ်းကို ပါလီမန်မှာ ထောက်ခံမဲ ၄၃၈မဲ ကန့်ကွက်မဲ ၈၆မဲနဲ့ အတည်ပြုလိုက်တာပါ။

ဆက်သွယ်ရေး နည်းပညာတွေမှာ ပြောင်းလဲမှုတွေ လုပ်ဖို့အတွက် ဒီဥပဒေကို အတည်ပြုဖို့ လိုတယ်လို့ ဒီဥပဒေကြမ်းကို အဆိုပြုခဲ့တဲ့ ဆိုရှယ်လစ် အစိုးရ ပါတီက ပြောပါတယ်။

ဒါပေမယ့်လည်း ဒီဥပဒေကြောင့် အန္တရာယ်ရှိလောက်တဲ့ စောင့်ကြည့်လေ့လာမှုတွေ ပိုများလာနိုင်တယ်ဆိုပြီး ဝေဖန်သူတွေက ကန့်ကွက်နေကြပါတယ်။

အစိုးရကို လုပ်ပိုင်ခွင့်အာဏာတွေ အများကြီး ပေးလိုက်ခြင်းအားဖြင့် ဒစ်ဂျစ်တယ်လ် စီးပွားရေး လောကရဲ့ လွတ်လပ်ခွင့်ကို ထိခိုက်လာနိုင်စေတယ်ဆိုပြီး သူတို့က ပြောနေတာပါ။

ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို အကြီးအကျယ် ဝင်စွက် နိုင်တာမျိုးတွေ ဖြစ်လာနိုင်ပြီး မသမာတဲ့ အစိုးရအဖွဲ့ရဲ့လက်ထဲ ဒီ လုပ်ပိုင်ခွင့် ရသွားမယ် ဆိုရင် စိုးရိမ်စရာ ကောင်းလောက်တဲ့ အကျိုးဆက်တွေ ဖြစ်လာမယ် ဆိုပြီး အရပ်သား အခွင့်အရေး လှုပ်ရှားသူတွေနဲ့ နိုင်ငံရေး သမား တချို့က စိုးရိမ်နေပါတယ်။

ပြင်သစ်အစိုးရကတော့ စောင့်ကြည့်လေ့လာရေး ခေတ်မှီ နည်းပညာတွေကို ထိန်းချုပ်မှုမရှိပဲ လုပ်တာထက် ဥပဒေအတွင်းမှာ လုပ်တာမျိုးကို သူတို့အနေနဲ့ ပိုလိုလားတယ်လို့ ပြောပါတယ်။

အခု အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းကို နောက်လကျရင် ဆီးနိတ် အထက်လွှတ်တော်ကို တင်ရမှာ ဖြစ်ပါတယ်။ဒါပေမယ့်လည်း အထက်လွှတ်တော်မှာလည်း ဒီဥပဒေကြမ်းကို အတည်ပြု ထောက်ခံမယ့် ပုံမျိုး ရှိနေပါတယ်။