အမြင့်ပေ ထိုးဆင်းမှု ဂျာမန် လေယာဉ်မှူး လေ့ကျင့်ခဲ့

ဓာတ်ပုံ မူပိုင် AFP
Image caption တွဲဖက် လေယာဉ်မှူး Andreas Lubitz ဟာ အရင်က စိတ်ကျဝေဒနာ ခံစားခဲ့ရတယ်လို့ ဆိုကြ။

ပြီးခဲ့တဲ့ မတ်လက ဘာစီလိုနာ မြို့ကနေ ဒူဆယ်ဒေါ့ မြို့ကို အပြန်၊ ပြင်သစ် နိုင်ငံ တောင်ပိုင်း၊ အဲလ်ပ် တောင်တန်းပေါ်ကို ပျက်ကျခဲ့တဲ့ ဂျာမန်ဝင်းစ် လေယာဉ်ရဲ့ တွဲဖက် လေယာဉ်မှူးဟာ အဲဒီနေ့ အစောပိုင်း ဘာစီလိုနာ မြို့ကို သွားတဲ့ အသွားခရီးစဉ် မှာလည်း လေယာဉ်ကို အမြင့်ပေ ရုတ်တရက် နိမ့်ဆင်းစေတဲ့ ပျံသန်းမှု အချို့ကို လေ့ကျင့်တဲ့ အနေနဲ့ ပြုလုပ် ခဲ့တယ်လို့ ပြင်သစ် စုံစမ်း စစ်ဆေးသူတွေက ပြောပါတယ်။

တွဲဖက် လေယာဉ်မှူး Andreas Lubitz ဟာ ဘာစီလိုနာကို အသွားခရီးစဉ် အတွင်း အလိုအလျောက် ပျံသန်းမှု စနစ်မှာ အနိမ့်ဆုံး အမြင့်ပေ ဖြစ်တဲ့ ပေ ၁၀၀ အထိ နိမ့်ဆင်းအောင် ၅ ကြိမ် ပြုလုပ် ခဲ့တယ်လို့ စုံစမ်း စစ်ဆေးသူတွေက ပြောပါတယ်။

ဒါပေမယ့် အဲဒီလို အမြင့်ပေ ပြောင်းလဲ ထည့်သွင်းခဲ့ပေမယ့် လေယာဉ် တကယ်တမ်း နိမ့်ဆင်းတဲ့ အထိ မစောင့်ဘဲ ပြန်လည် ပြောင်းလဲခဲ့တဲ့ အတွက် အဲဒီ အချိန်က ဘယ်သူမှ သတိမထား မိခဲ့ကြကြောင်း စစ်ဆေးသူတွေက ပြောပါတယ်။

ဒူဆယ်ဒေါ့ မြို့ကို ပြန်တဲ့ ခရီးစဉ်မှာတော့ Lubitz က လေယာဉ်မောင်းခန်းကို အတွင်းကနေ သော့ခတ်ကာ လေယာဉ်ကို တမင် ထိုးချခဲ့တယ်လို့ အသံမှတ်တမ်းတွေ အရ ယူဆရပြီး၊ လိုက်ပါသွားသူ လူ ၁၅၀ သေဆုံး ခဲ့ရပါတယ်။

သူဟာ စိတ်ကျ ဝေဒနာ ခံစား နေရတယ်လို့ ယူဆရပြီး လေယာဉ် ပျက်ကျတဲ့ နေ့ဖြစ်တဲ့ မတ်လ ၂၄ ရက်နေ့ အတွက် ခွင့်ယူဖို့ ရေးထားတဲ့ ခွင့်စာ အပိုင်းအစ တွေကိုလည်း တွေ့ခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ