ထိုင်းတောင်ပိုင်းမှာ နောက်ထပ် အလောင်း ၆လောင်းတွေ့

ဓာတ်ပုံ မူပိုင် Reuters
Image caption ဆွန်ခလ ပြည်နယ်က ရာဘာတောအုပ်ထဲမှာ အလောင်း ၆လောင်း ထပ်တွေ့

ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ထိုင်းနိုင်ငံ တောင်ပိုင်း ဆွန်ခလ ပြည်နယ်မှာ တွေ့ရှိခဲ့တဲ့ ရိုဟင်ဂျာလို့ ယူဆရသူတွေရဲ့ ရုပ်အလောင်း ၂၆လောင်း မြုပ်နှံထားရာ နေရာနားက ရာဘာတောထဲမှာ ဗုဒ္ဓဟူးနေ့က နောက်ထပ် ရုပ်အလောင်း ၆လောင်း တွေ့ရှိခဲ့ပါတယ်။

အဲဒီ ရုပ်အလောင်းတွေဟာ အမျိုးသမီး ၄ဦးနဲ့ အမျိုးသား ၂ဦးရဲ့ ရုပ်အလောင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီရုပ်အလောင်းတွေ တွေ့ခဲ့အပြီး နာရီပိုင်းအကြာမှာပဲ ထိုင်းနိုင်ငံ တောင်ပိုင်းက လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ အဆင့်မြင့် တာဝန်တွေ ထမ်းဆောင်နေကြသူ အများအပြားအပါအဝင် ရဲအရာရှိ ၃၈ဦးကို ရာထူးပြောင်းရွှေ့ တာဝန်ချ ထားလိုက်ကြောင်း ထိုင်းအာဏာပိုင်တွေက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အင်္ဂါနေ့တုန်းကလည်း အဲဒီနေရာကနေ ကီလိုမီတာ ၇၀၀ အကွာ ဖန်းငါး ပြည်နယ်မှာ လူသေရုပ်အလောင်း ၂လောင်း ထပ်မံ တွေ့ရှိခဲ့ပါတယ်။

ရုပ်အလောင်းတွေ တွေ့ရှိခဲ့အပြီး နောက်ဆက်တွဲ စုံစမ်း စစ်ဆေးမှုတွေအရ ပြီးခဲ့တဲ့ ရက်ပိုင်းက လူမှောင်ခိုဂိုဏ်း ခေါင်းဆောင် ရိုဟင်ဂျာ တဦးကို ထိုင်းရဲတွေက ဖမ်းဆီးခဲ့ပါတယ်။