ပါတီလေးတွေ နေရာရ လာတဲ့ ဗြိတိသျှ ရွေးကောက်ပွဲ

uk ဓာတ်ပုံ မူပိုင် .
Image caption ရွေးကောက်ပွဲ အမီ အကြိတ်အနယ် စည်းရုံး

အရင်က ဗြိတိန်မှာ မဲပေးသူ တွေဟာ သူတို့ ကြိုက်တဲ့ ကွန်ဆာဗေးတစ် တို့ လေဘာ တို့လို ပါတီကြီး တွေကို မဲအများစုနဲ့ အနိုင်ရအောင် ရည်ရွယ် မဲပေးကြ ပါတယ်။ အများစု အနိုင်ရတဲ့ ပါတီက ဝန်ကြီးချုပ် ဖြစ်လာ နိုင်ပါတယ်။

ဒုတိယ ကမ္ဘာစစ် ပြီးကာလ မှာ အများစု ကတော့ ဒီပုံစံ အတိုင်း ဖြစ်တာ များပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့၂ဝ၁ဝ ရွေးကောက်ပွဲ ကတော့ သိသိသာသာ ပြောင်းလဲ ခဲ့ပါတယ်။ ကွန်ဆာဗေးတစ် ပါတီဟာ အောက်လွှတ်တော် မှာ အမတ် အများစု နိုင်ပေမယ့် အစိုးရ ဖွဲ့လောက်အောင် လုံလောက်တဲ့ မဲအရေအတွက် ၃၂၃ မဲ မရလို့ ၁ဝ စုနှစ်တွေ အတွင်း ပထမဆုံး အကြိမ် အဖြစ် လစ်ဘရယ် ဒီမိုကရက် ပါတီနဲ့ ညွန့်ပေါင်း ဖွဲခဲ့ရပါတယ်။ အချိုးကျ ကိုယ်စားပြု စနစ်နဲ့ မဲပေးတဲ့ ဥရောပ တလွှား မှာ ညွန့်ပေါင်း အစိုးရ ဖွဲ့ရတာ ရိုးနေပေမယ့် ဗြိတိန် မှာတော့ အရင်က ခြွင်းချက် လို ဖြစ်နေရာ ကနေ အခုတော့ ထုံးစံလို ဖြစ်လာနေပါပြီ။

အခုလို ပုံစံပြောင်း လာတဲ့အတွက် နိုင်ငံရေး သမား တွေရော မဲပေးသူ တွေပါ မသက်မသာ ဖြစ်စေပါတယ်။ ညွန့်ပေါင်း အစိုးရ တွေဟာ ဥပဒေကြမ်း တွေကို မဲခွဲ ဆုံးဖြတ် နိုင်အောင် သူတို့ မူဝါဒတွေကို အပေးအယူ လုပ်ကြရပါတယ်။

အခု တခေါက် ရွေးကောက်ပွဲ မှာလည်း တမူထူးခြား ပြီး ခန့်မှန်းလို့ မရတာက အမျိုးသား နိုင်ငံရေး မှာ သိပ် အရေးမပါတဲ့ ပါတီ အတော်များများ ကလည်း ပိုထင်ရှား ကျော်ကြား လာ ကြပါတယ်။

ဥပမာ စကော့မှာ အမျိုးသားရေးပိုနိုးကြား လာတဲ့အချက်ကလည်း အရေးကြီးလာပါတယ်။ စကော့တလန် ဟာ ဗြိတိန်ရဲ့ အစိတ်အပိုင်း ဖြစ်ပေမယ့် သူ့ပါလီမန်နဲ့သူ အာဏာ ခွဲဝေ ကျင့်သုံး ပါတယ်။ နောက်တခါ လွတ်လပ်ရေး ရဖို့ ကြိုးပမ်း နေတဲ့ Scottish National Party SNP ဆိုတာလည်း အဲဒီမှာရှိပါတယ်။

အခုအခါ SNP ပါတီရေပန်းစား လာလို့ အောက် လွှတ်တော်မှာ အာဏာ ခွဲဝေရာမှာ ကြားပွဲစားအဖြစ် အဓိက ဖြစ်လာ နိုင်ပါတယ်။ သူတို့ဟာ လက်ဝဲယိမ်း တဲ့ ပါတီ ဖြစ်ပြီး လေဘာ နဲ့ မဟာမိတ်ဖွဲ့ရင် Ed Milliband အနေနဲ့ လုံလောက် တဲ့ အမတ် အရေ အတွက် မရရင် တောင် ဝန်ကြီးချုပ် ဖြစ်လာ နိုင်ပါတယ်။ အလားတူ လက်ယာယိမ်း တဲ့ထဲမှာ ယူကစ် အမျိုးသားရေး ပါတီ လည်း ပါသလို ဝေလနယ် က Plaid Cymru နဲ့ Green ပါတီ တို့ကတော့ လက်ဝဲဘက် ယိမ်းကြပါတယ်။ ဒီပါတီ တွေက ဘယ်လောက် အမတ် အရွေးခံရမယ် ဆိုတာ မသိပေမယ့် ရွေးကောက်ပွဲ ရလဒ် ဘယ်ပုံ ဘယ်နည်း ဖြစ်လာမယ် ဆိုတာ မရေရာတာကို ပြနေပါတယ်။

တကယ်တော့ ပါတီ တခုက အစိုးရဖွဲ့နိုင် မဖွဲ့နိုင် ဆိုတာ ဥပဒေကြမ်း တွေကို မဲခွဲ ဆုံးဖြတ် နိုင်သလား ဆိုတဲ့အပေါ်မှာ မူတည်သလို ဖြစ်နေတဲ့ အတွက် လေဘာက ဒုတိယ လိုက်ရင်တောင် ပါတီငယ်တွေ အကူအညီနဲ့ ညွန့်ပေါင်း ဖွဲ့နိုင်ပါတယ်။ အလားတူပဲ ကွန်ဆာဗေးတစ် အများစု နိုင်ရင်လည်း ပါတီငယ် တွေနဲ့ ပေါင်းပြီး၂ဝ၁ဝ ကလို အစိုးရ ဖွဲ့နိုင် ပါတယ်။

ဒါကြောင့် ဗြိတိန် မှာ လက်တွေ့ ရင်ဆိုင် နေရ တာကတော့ ရွေးကောက်ပွဲ ပြီးလို့ နောက်တရက် မှာပဲ နိုင်ငံရေးသမားတွေကြား စပြီး အပေးအယူ လုပ်တာ ညှိနှိုင်းတာ လုပ်ဖို့ပါပဲ။ တဖက် ကလည်း မေလ ၁၈ ရက်မှာ ပါလီမန် ပြန်စဖို့ လမ်းညွှန်ချက် ရှိတော့ အဲဒီအချိန်မီ ပြီးဖို့ လိုပါလိမ့်မယ်။ ဒါကြောင့် ရွေးကောက်ပွဲ ပြီးသွားမယ့် ဝန်ကြီးချုပ် ဘယ်သူ ဖြစ်လာမယ် ဆိုတာ ကိုတော့ ဗြိတိန် နိုင်ငံသားတွေ ရက်အတော်ကြာ စောင့်စားကြရ ဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ