ကလေးတစ်ဦးကို လက်ဆွဲသေတ္တာထဲ ထည့်ပြီး စပိန်ဘက် ခိုးသွင်း

ဓာတ်ပုံ မူပိုင် Reuters
Image caption အိုင်ဗရီကို့စ် ကနေ လာခဲ့ပြီး မော်ရိုကို ကတဆင့် စပိန်ထဲ ဝင်ရောက်ဖို့ ကြိုးစားခဲ့။

ရှစ်နှစ်သား အရွယ် ယောက်ျားလေး တစ်ဦးကို လက်ဆွဲ သေတ္တာထဲ ထည့်ပြီး မော်ရိုကို နိုင်ငံ ဘက်ကနေ စပိန် နိုင်ငံဘက်ကို ခိုးသွင်းဖို့ ကြိုးစား ခဲ့တယ်လို့ စပိန် ရဲတပ်ဖွဲ့က ပြောပါတယ်။

Abou လို့ ခေါ်တဲ့ အဲဒီ ကောင်လေးကို ၁၉ နှစ် အရွယ် မိန်းကလေး တစ်ယောက်က လက်ဆွဲ သေတ္တာထဲ ထည့်ပြီး အာဖရိက ဘက်ခြမ်းက စပိန်ပိုင် Ceuta မြို့ထဲကို မော်ရိုကိုကနေ ခိုးသွင်းဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

ရဲက လက်ဆွဲ သေတ္တာကို ဖွင့်တဲ့ အချိန်မှာ အဲဒီ ကောင်လေးရဲ့ အခြေအနေ အတော်လေး ဆိုးရွား နေခဲ့တယ်လို့ စပိန် ရဲအဖွဲ့ ပြောခွင့်ရသူက ဆိုပါတယ်။

အဲဒီ ကလေးဟာ အိုင်ဗရီကို့စ် နိုင်ငံက ဖြစ်ပြီး သူ့ကို ခိုးသွင်းတဲ့ ၁၉ နှစ် အရွယ် မိန်းကလေးနဲ့ ဆွေမျိုး တော်စပ်ခြင်း မရှိဘဲ ကောင်လေးရဲ့ ဖခင်က အဲဒီလို ခိုးသွင်းဖို့ အခကြေးငွေနဲ့ ခိုင်းခဲ့တာ ဖြစ်ကြောင်း စပိန် သတင်းစာက ဖော်ပြပါတယ်။

အဲဒီ ကောင်လေးရဲ့ ဖခင်ကိုလည်း နာရီပိုင်း အကြာ နယ်စပ် ဖြတ်ကျော်ဖို့ ကြိုးစားစဉ် ဖမ်းဆီး မိခဲ့ပါတယ်။

အာဖရိက ဘက်ခြမ်းက စပိန်ပိုင် Ceuta မြို့နဲ့ Melilla မြို့တွေ ထဲကို အိမ်နီးချင်း မော်ရိုကို ဘက်ကနေ နှစ်စဉ် လူ ထောင်နဲ့ချီပြီး နယ်ခြား စည်းရိုးကို ဖြတ်ကျော် ဝင်ရောက်လေ့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ