မက်ဆီဒိုးနီးယား အကြမ်းဖက်မှုတွေအတွင်း လူ၂၀ကျော်သေဆုံး

  • 11 မေ 2015
ဓာတ်ပုံ မူပိုင် EPA
Image caption သေနတ်သမားတွေဟာ ကိုဆိုဗိုကနေ ဝင်လာတဲ့ အယ်လ်ဘေးနီးယား လက်နက်ကိုင်တွေလို့ မက်ဆီဒိုးနီးယား အစိုးရပြော

မက်ဆီဒိုးနီးယား နိုင်ငံ မြောက်ပိုင်း ကူမာနာဗို မြို့မှာ ရဲနဲ့ သေနတ်သမားတွေ အကြား အကြမ်းဖက် တိုက်ခိုက်မှုတွေ စနေနေ့က ဖြစ်ပွားခဲ့အပြီးမှာ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ နေတိုး အဖွဲ့ အကြီးအကဲက ပန်ကြားလိုက်ပါတယ်။

ကိုဆိုဗိုနဲ့ ဆားဘီးယားနိုင်ငံတွေနဲ့ ကပ်ရက် မက်ဆီဒိုးနီးယား နိုင်ငံ မြောက်ပိုင်း ကူမာနာဗို နယ်စပ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီ အပြန်အလှန် ပစ်ခတ်မှုတွေနဲ့ ပတ်သက်လို့ ဖြစ်ရပ်မှန်ကို စုံစမ်း စစ်ဆေးရာမှာ ပွင့်လင်းမြင်သာမှု ရှိဖို့ သိပ်ကို အရေးကြီးတယ်လို့ နေတိုး အတွင်းရေးမှူးချုပ်Jen Stoltenberg က ပြောပါတယ်။

အဲဒီ ရင်ဆိုင်တိုက်ခိုက်မှုတွေအတွင်း အနည်းဆုံး လူ ၁၄ဦး နဲ့အတူ ရဲ ၈ဦး သေဆုံးခဲ့ပါတယ်။

ဘာ့ကြောင့် ခုလို ရင်ဆိုင်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ရတာလဲ ဆိုတာနဲ့ ပတ်သက်လို့ အသေအချာ မသိရသေးပဲ ဒီတိုက်ခိုက်မှုမှာ ဘယ်သူက လူဆိုးလဲ။ ဘယ်သူက လူကောင်းလဲ ဆိုတာကိုလည်း တိတိကျကျ မပြောနိုင်သေးပါဘူး။

မက်ဆီဒိုးနီးယား အာဏာပိုင်တွေကတော့ အိမ်နီးချင်း ကိုဆိုဗိုကနေ အယ်လ်ဘေးနီးယန်း လက်နက်ကိုင်တွေက မက်ဆီဒိုးနီးယား နိုင်ငံတဝှမ်းမှာ တိုက်ခိုက်မှုတွေ လုပ်ဖို့ အကြံနဲ့ အဲဒီမြို့ထဲ ခိုးဝင်လာတာလို့ ဆိုပါတယ်။ ဒါပေမယ့် အတိုက်အခံတွေနဲ့ လူမှု အဖွဲ့အစည်း လှုပ်ရှားသူတွေကတော့ ဒီ အကြမ်းဖက် တိုက်ခိုက်မှုတွေဟာ အစိုးရက လူတွေကို အာရုံပြောင်းအောင် တမင် အကွက်ဆင် လုပ်ခဲ့တာ ဆိုပြီး သံသယ မကင်း ဖြစ်နေကြပါတယ်။

မက်ဆီဒိုးနီးယား အစိုးရဟာ အဂတိလိုက်စားမှု၊ မဲလိမ်မှု၊ တယ်လီဖုန်းကို ကြားဖြတ် ခိုးနားထောင်ပြီး သတင်း အချက်အလက်တွေ လျို့ဝှက် ထောက်လှမ်းမှု စတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရတာပါ။

ဒေသခံတွေကတော့ ဒီအကြမ်းဖက် တိုက်ခိုက်မှုတွေကနေ ပိုကြီးမားတဲ့ ပဋိပက္ခကြီးတခုဆီ ဦးတည်လာမှာကို စိုးရိမ်နေကြပါတယ်။

၂၀၀၁ခုနှစ်တုန်းက အဲဒီမှာ အယ်လ်ဘေးနီးယား လူနည်းစုတွေ ကို ရပိုင်ခွင့် အခွင့်အရေးတွေ ပိုပေးဖို့ တောင်းဆိုနေတဲ့ သူပုန်တွေက ပုန်ကန် ထကြွမှုတွေ လုပ်ခဲ့ပြီး ငြိမ်းချမ်းရေး သဘောတူချက်တခု ရခဲ့ပေမယ့်လည်း တင်းမာမှုတွေက ဆက်ဖြစ်နေဆဲ ဖြစ်ပါတယ်။

မက်ဆီဒိုးနီးယားနိုင်ငံ ရဲ့ လူဦးရေ ၂သန်းမှာ ၄ပုံ ၁ပုံက အယ်လ်ဘေးနီးယန်း လူမျိုးနွယ်တွေ ဖြစ်ပါတယ်။