ရွှေ့ပြောင်းသူတွေကိစ္စ၊ အီးယူ စစ်ရေးအစီအစဉ် လစ်ဗျား ပယ်ချ

ဓာတ်ပုံ မူပိုင် AFP
Image caption အခုနှစ် အတွင်း မြေထဲပင်လယ် ဖြတ်ကျော်ဖို့ ကြိုးစားခဲ့သူ ၆ သောင်း ရှိပြီလို့ ကုလ ခန့်မှန်း။

ရွှေ့ပြောင်း ဝင်ရောက်သူတွေကို မြေထဲ ပင်လယ် ဖြတ်ပြီး ဥရောပဘက်ကို ပို့ပေးတဲ့ လူကုန်ကူးသူတွေ အပေါ် စစ်အင်အားသုံး ဖြေရှင်းခွင့် ရရေး ကြိုးပမ်းနေတဲ့ အီးယူရဲ့ အစီအစဉ်ကို လစ်ဗျား နိုင်ငံက လက်မခံဘဲ ဝေဖန် ပြောဆိုလိုက်ပါတယ်။

ဥရောပ သမဂ္ဂ အီးယူရဲ့ ဦးတည်ချက်တွေဟာ မရှင်းမလင်း ဖြစ်နေပြီး အလွန် စိုးရိမ်ဖွယ် ဖြစ်တယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ လစ်ဗျား သံအမတ်က ဘီဘီစီကို ပြောပါတယ်။

အီးယူဟာ လစ်ဗျား ရေပိုင်နက်ထဲက လူကုန်ကူးသူတွေရဲ့ လှေတွေကို စစ်အင်အားသုံးပြီး တားဆီး ဖျက်ဆီးခွင့် ရဖို့အတွက် ကုလ သမဂ္ဂရဲ့ ထောက်ခံချက် ရအောင် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

အီးယူရဲ့ အဲဒီလို ကြိုးပမ်းမှုဟာ မြေထဲပင်လယ် အတွင်းမှာ ရွှေ့ပြောင်း ဝင်ရောက်သူတွေ ရေနစ် သေဆုံး နေမှုတွေကို တားဆီးဖို့ ရည်ရွယ်တဲ့ အစီအစဉ်တွေထဲက တစ်ခု ဖြစ်ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ တိုးချဲ့ဖို့ ကိစ္စ၊ ဒုက္ခသည်တွေကို အီးယူအဖွဲ့ဝင် နိုင်ငံတွေ အတွင်း ခွဲတမ်းနဲ့ နေရာပေးဖို့ ကိစ္စတွေကိုလည်း ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။

အခုနှစ် ၂၀၁၅ အတွင်း မြေထဲပင်လယ်ကို ဖြတ်ကျော်ဖို့ ကြိုးစားခဲ့သူပေါင်း ၆ သောင်းလောက် ရှိတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပြီး အဲဒီအထဲက လူ တစ်ထောင့် ရှစ်ရာကျော် ရေနစ် သေဆုံးခဲ့တယ်လို့ ယူဆကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ