ဒုံးကျည်တပ် ရေငုပ်သင်္ဘောတွေ မြောက်ကိုရီးယား ပိုင်တော့မယ်

ဓာတ်ပုံ မူပိုင် epa
Image caption ကမ္ဘာ့အဆင့်မီ မဟာဗျူဟာမြောက် လက်နက်လို့ ကင်ဂျုံအန်းက ရည်ညွှန်း ပြောဆိုခဲ့။

မြောက်ကိုရီးယား နိုင်ငံဟာ ရေအောက်ကနေ ဒုံးကျည် ပစ်လွှတ်နိုင်မယ့် ရေငုပ်သင်္ဘော တပ်ဖွဲ့ကို လာမယ့် ၅ နှစ် မတိုင်ခင်မှာ ပိုင်ဆိုင် လာနိုင်ဖွယ် ရှိတယ်လို့ တောင်ကိုရီးယား အစိုးရက ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ရေငုပ်သင်္ဘာကနေ ဒုံးကျည် စမ်းသပ် ပစ်လွှတ်တာကို စောင့်ကြည့်နေတဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ဓာတ်ပုံတွေ ပေါ်ထွက် ခဲ့ပြီးနောက် တောင်ကိုရီးယား အစိုးရက အခုလို အကဲဖြတ် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အဲဒီ ဓာတ်ပုံတွေဟာ အစစ်အမှန် ဖြစ်ပေမယ့် နည်းပညာကတော့ အခြေခံ အဆင့်မှာသာ ရှိသေးတယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။

အဲဒီလို စမ်းသပ် ပစ်လွှတ်ခဲ့ပြီးနောက် ကင်ဂျုံအန်းက သူ့နိုင်ငံကို မိန့်ခွန်းပြောရာမှာ မြောက်ကိုရီးယားရဲ့ ဂုဏ်သိက္ခာနဲ့ အချုပ်အခြာ အာဏာကို ထိပါးမယ့် ရန်လိုမှုတွေကို ဘယ်ရေပြင်မှာ မဆို တိုက်ဖျက် သွားနိုင်မယ့် ကမ္ဘာ့အဆင့်မီ မဟာဗျူဟာမြောက် လက်နက်ကို ပိုင်ဆိုင်ခဲ့ပြီလို့ ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ