ဘင်္ဂလားဒေ့ရှ်နဲ့ ရိုဟင်ဂျာတွေ လှေတွေပေါ် ပိတ်မိနေ

ဓာတ်ပုံ မူပိုင် Reuters
Image caption ကယ်ဆယ်ခံရတဲ့ ဒုက္ခသည် တစ်ထောင်လောက် အင်ဒိုနီးရှား နိုင်ငံ၊ အာချေကို ရောက်ရှိခဲ့။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့က လာတဲ့ ထောင်နဲ့ချီတဲ့ ဒုက္ခသည် တွေဟာ ကမ်းပေါ် တက်လို့ မရဘဲ ထိုင်းနိုင်ငံ အနီးက ပင်လယ်ပြင် ထဲမှာ ပိတ်မိ နေတယ်လို့ ရွှေ့ပြောင်းသူများ ဆိုင်ရာ နိုင်ငံတကာ အဖွဲ့ IOM က ပြောပါတယ်။

လူမှောင်ခို မှုတွေကို ထိုင်းနိုင်ငံမှာ မကြာသေးခင်က စတင် တိုက်ဖျက် နှိမ်နင်း နေတာကြောင့် လူမှောင်ခို သမားတွေက သူတို့ ခေါ်လာတဲ့ လူတွေကို ကမ်းပေါ် ခေါ်ယူဖို့ တွန့်ဆုတ် နေတဲ့အတွက် လူပေါင်း ၈ ထောင်လောက် ပင်လယ်ပြင် ထဲက လှေတွေပေါ်မှာ ပိတ်မိ နေကြတယ်လို့ IOM ပြောခွင့်ရသူက ပြောပါတယ်။

ဒီကနေ့ တနင်္လာနေ့မှာတော့ မလေးရှား နိုင်ငံ၊ အနောက်မြောက်ပိုင်းက လန်ကာဝီ ကျွန်းကို ဒုက္ခသည် တစ်ထောင်လောက် ရောက်လာ ခဲ့ကြတယ်လို့ မလေးရှား ရဲတွေက ပြောပါတယ်။

လွန်ခဲ့တဲ့ ၂ ရက်ကလည်း ရိုဟင်ဂျာလို့ ယူဆရတဲ့ ရွှေ့ပြောင်း ဝင်ရောက်လာသူ တစ်ထောင်လောက် အင်ဒိုနီးရှား နိုင်ငံ၊ အာချေ ဒေသကို ရောက်လာ ခဲ့ကြပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ကနေ အခုနှစ် ပထမ သုံးလ အတွင်း လှေတွေနဲ့ ထွက်ပြေးလာသူ အရေအတွက်ဟာ မနှစ်က အလားတူ အချိန်အတွင်း ထွက်ပြေးခဲ့ကြသူ ဦးရေထက် နှစ်ဆ ရှိတယ်လို့ UNHCR ကုလ သမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ