ဘင်္ဂလားဒေ့ရှ် လူမှောင်ခို စစ်ဆင်ရေး

rohingya ဓာတ်ပုံ မူပိုင် AP
Image caption ရိုဟင်ဂျာ တွေကို လူမှောင်ခို တွေလက်က ကယ်တင် ခဲ့ရ

မလေးရှား၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံမှာ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာ နိုင်ငံ က ရိုဟင်ဂျာ တွေကို ထောင်နဲ့ ချီပြီး လူမှောင်ခို သမား တွေရဲ့ လက်က ကယ်တင် ခဲ့ရပြီးတဲ့ နောက်ပိုင်းမှာ အဲဒီလူတွေ အဓိက လာရာ လမ်းကြောင်း ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ မှာ လူမှောင်ခို သမား တွေကို စစ်ဆင်ရေး တရပ် လုပ်ပြီး နှိမ်နှင်း နေတယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံ က လူမှောင်ခို သမား တွေ ကြီးစိုးရာ နေရာ တွေ ဖြစ်တဲ့ ကော့်စဘဇား၊ တက်ကနက်နဲ့ စစ်တကောင်း ခရိုင် အတွင်း က ပင်လယ် ကမ်းခြေ ဒေသ တွေမှာ အဓိကထားပြီး လူမှောင်ခိုဂိုဏ်း တွေကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ က နှိမ်နှင်း နေတာ ဖြစ်ပါတယ်။

အခုလို နှိမ်နှင်းတဲ့ နေရာမှာ အနည်းဆုံး လူမှောင်ခို သမား ၅ ဦး ကို အသေဖမ်းမိခဲ့တယ်လို့ ကောစ်ဘဇားရဲမင်းကြီး အင်္ဂါနေ့မှာ ထုတ်ဖော် ပြောဆိုတယ် လို့ ရဲမင်းကြီးကို သွားရောက် တွေ့ဆုံခဲ့တဲ့ ကော့စ်ဘဇား မြို့က ဘင်္ဂလာ တီဗီ အကြီးတန်း ထောက် သတင်းထောက် ချော်ဟဲဘိုင် က ပြောပါတယ်။

အခု သေဆုံးသွားတဲ့ သူတွေဟာ ရဲတပ်ဖွဲ့နဲ့ အပြန်အလှန် ပစ်ခတ်ရာမှာ သေဆုံးတဲ့ သူတွေ လို့ ရဲမင်းကြီးက ပြောတယ် လို့ သူက ဆိုပါတယ်။

ဒါပြင်လူပေါင်း ၇ဝ နဲ့ ၁ဝဝ အကြား ရှိ လူမှောင်ခို သမား တွေ ကိုလည်း ဖမ်းဆီးထားပြီ ဖြစ်တယ်လို့ ပြောပါတယ်။

အခု အင်ဒိုနီးရှား အာချေး ဒေသနဲ့ မလေးရှား၊ ထိုင်းမှာ ဖမ်းမိသူ တွေဟာ ဘင်္ဂလားဒေ့ရှ် ပင်လယ်ကမ်းခြေ ကနေ မော်တော်ဘုတ် တွေနဲ့ လူမှောင်ခို သမားတွေကို ပိုက်ဆံပေးပြီး ထွက်ခွာ လာတဲ့သူတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ အနေနဲ့ သူ့နိုင်ငံ အတွင်းက လူမှောင်ခိုဂိုဏ်း တွေကို နိုင်ငံတကာ ကပါ အာရုံစူးစိုက်စရာ ဖြစ်လာတဲ့ အတွက် အခုအခါ အကြီးအကျယ် စစ်ဆင်ရေး လုပ်ပြီး နှိမ်နှင်းဖို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ လူမှောင်ခို အရေးကို အဓိက အလေးထားပြီး ဆောင်ရွက်နေတယ်။ လွန်ခဲ့တဲ့ လေးငါးရက်ကစပြီး အကြီးမားဆုံး စစ်ဆင်ရေးကို လုပ်ပြီး လူမှောင်ခို သမားတွေကို နှိမ်နှင်းနေတယ်လို့ သူက ပြောဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ ဒီလူမှောင်ခို လုပ်ငန်းကို နှိမ်နှင်းဖို့ ဆောင်ရွက် နေတာက ကြာပါပြီ။

ဒါပေမဲ့ ကမ်းရိုးတန်း က ရှည်လျားပြီး လုံခြုံရေး အင်အား အလုံအလောက် မရှိတဲ့ အတွက် မနှိမ်နှင်းနိုင်ဘဲ ဖြစ်နေပါတယ်။

ဒီလို အခြေအနေ ကြားထဲက ဘင်္ဂလားဒေ့ရှ် အာဏာပိုင် တွေဟာ လွန်ခဲ့တဲ့ ၂ နှစ်တာ ကာလအတွင်း မှာ လူပေါင်း ၃ဝဝဝ ကို လူမှောင်ခို သမားတွေလက်က ကယ်တင်ခဲ့ရတယ်လို့ ကော့စ်ဘဇား ရဲမင်းကြီး ပြောဆိုခဲ့ပါတယ်။

အခု အခါ ဒီလူမှောင်ခို ပြသနာဟာ နိုင်ငံတကာနဲ့ ပါ ဆက်နွယ် ပတ်သက်လာတဲ့ အတွက် ဒေသတွင်းက နိုင်ငံတွေ အနေနဲ့ အဆိုးအကောင်း တခုခုကို များမကြာမီ ဖြေရှင်းကြ လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ