နီပေါမှာ ငလျင်ပြင်း ထပ်လှုပ်၊ ဒါဇင်နဲ့ချီ သေဆုံး

ဓာတ်ပုံ မူပိုင် epa
Image caption ခတ္တမန္ဒူ မြို့မှာ ထောင်နဲ့ချီတဲ့ လူတွေ လမ်းပေါ် ပြေးထွက်ခဲ့ကြ။

နီပေါ နိုင်ငံမှာ လူ ၈ ထောင်ကျော် သေဆုံး ခဲ့ရတဲ့ ငလျင်ကြီး လှုပ်ခဲ့အပြီး နှစ်ပတ် အကြာ ဒီကနေ့ အင်္ဂါနေ့မှာ ပြင်းအား ၇ ဒသမ ၃ ရှိတဲ့ ငလျင် တစ်ခု ဧဝရတ်တောင် အနီးမှာ ထပ်မံ လှုပ်ခတ် ခဲ့ပါတယ်။

ဧဝရတ်တောင် အနီးက Namche Bazaar မြို့အနီးကို ဗဟိုပြု လှုပ်ခဲ့တဲ့ ဒီငလျင်ကြောင့် အခုချိန်အထိ အတည်ပြုနိုင်တဲ့ သေဆုံးသူ အနည်းဆုံး ၃၇ ဦး ရှိပြီး လူ တစ်ထောင်ကျော် ဒဏ်ရာ ရခဲ့တယ်လို့ နီပေါ အစိုးရက ပြောပါတယ်။ အိန္ဒိယ နိုင်ငံဘက်မှာလည်း အနည်းဆုံး ၁၇ ဦး သေဆုံး ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ငလျင်တုန်းက အထိအခိုက် အပျက်အစီး များခဲ့တဲ့ ခတ္တမန္တူ မြို့တော်က ထောင်နဲ့ ချီတဲ့ လူတွေဟာ သူတို့ နေအိမ်တွေကနေ ထိတ်လန့်တကြား လမ်းမတွေပေါ်ကို ပြေးထွက် ခဲ့ကြပါတယ်။

ဒေသ စံတော်ချိန် နေ့လည် ၁၂ နာရီ ၃၅ မိနစ် အချိန်မှာ လှုပ်ခတ်တဲ့ ဒီငလျင်ဟာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့နဲ့ ဘင်္ဂလာဒေ့ရှ် နိုင်ငံ ဒါကာ မြို့တို့ မှာလည်း ရိုက်ခတ် ခဲ့တယ်လို့ ဆိုပါတယ်။

အထိအခိုက် အများဆုံး ရှိနိုင်တဲ့ ခတ္တမန္ဒူ မြို့တော်ရဲ့ အရှေ့မြောက်ဘက်က ဒေသတွေကို ကယ်ဆယ်ရေး ရဟတ်ယာဉ်တွေ ပို့လွှတ် ထားပါတယ်။

၇ ဒသမ ၃ ပြင်းအား ရှိတဲ့ အဲဒီ ငလျင် လှုပ်ပြီးနောက် ပြင်းအား ၅ ကျော်တဲ့ နောက်ဆက်တွဲ ငလျင် ၆ ခု ဆင့်ကဲ လှုပ်ခတ် ခဲ့ပါသေးတယ်။

ကျေးလက်နဲ့ ဝေးလံ ခေါင်းပါးတဲ့ ဒေသတွေမှာ မြေပြိုမှု တောင်ပြိုမှုတွေ ဖြစ်ပြီး လူအများအပြား သေဆုံး နိုင်တယ်လို့ စိုးရိမ် ပူပန်မှုတွေ ရှိနေပါတယ်။

အခု ငလျင်က မြေမျက်နှာပြင်အောက် နက်ရှိုင်းတဲ့ နေရာကို ဗဟိုပြုတာ ဖြစ်လို့ ပြီးခဲ့တဲ့ ငလျင်ထက် ထိခိုက်ပျက်စီးမှု နည်းနိုင်တယ် လို့လည်း ကျွမ်းကျင်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်က နီပေါ နိုင်ငံ အနောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၈ ရှိတဲ့ ငလျင်ကြောင့် လူပေါင်း ၈ ထောင်ကျော် သေဆုံး ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ