နီပေါမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ တကျော့ပြန်စ

နီပေါနိုင်ငံမှာ အင်္ဂါနေ့က ငလျင်ကြီး ထပ်မံ လှုပ်ခတ်ခဲ့ ပြီးတဲ့နောက် ကယ်ဆယ်ရေး လုပ်ငန်းတွေ စတင် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ လတ်တလော စာရင်းအရ အနည်းဆုံး လူ ၆၅ ဦးသေဆုံးခဲ့ပြီး လူပေါင်း ၂ ထောင်နီးပါး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာတော့ အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ပါတယ်။

နောက်ထပ် သေဆုံးသူ နဲ့ ထိခိုက်ဒဏ်ရာ ရရှိသူ အရေအတွက် ထပ်မံတိုးလာနိုင်ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေသူ ၈ ဦးပါတဲ့ အမေရိကန် ကယ်ဆယ်ရေး စစ်ရဟတ်ယာဉ်တစီး ပျောက်ဆုံးနေတာကို ဆက်လက် ရှာဖွေနေဆဲ ဖြစ်ပါတယ်။

နီပေါ ပြည်သူ ထောင်ပေါင်းများစွာဟာ အိမ်ထဲမှာ မနေရဲကြဘဲ ညဆို အပြင်ထွက် အိပ်နေကြရပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်က ပြင်းအား ၇.၈ ရှိတဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့အတွက် လူပေါင်း ၈ ထောင်ကျော် သေဆုံးခဲ့ပြီး ကတည်းက လူအတော်များများဟာ သူတို့အိမ်တွေကို မပြန်ကြသေးတာလည်း ဖြစ်ပါတယ်။

အင်္ဂါနေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၃ ရှိတဲ့ ငလျင်ဟာ ခတ္တမန္ဒူ မြို့တော် အရှေ့ဘက် ၄၇ မိုင်အကွာ Namche Bazaar မြို့အနီးမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ငလျင်အပြီး မိနစ် ၃၀ အကြာမှာ ပြင်းအား ၆.၃ ရှိတဲ့ ငလျင်နဲ့ နောက်ဆက်တွဲ လှုပ်ခတ်မှုတွေ ထပ်မံ ဖြစ်ပွားခဲ့ပါသေးတယ်။

အဓိက ငလျင်ကြီးကြောင့် အိန္ဒိယ၊ တိဘက်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာလည်း ရိုက်ခတ်ခဲ့ပြီး အိန္ဒိယနိုင်ငံ Bihar ပြည်နယ်မှာ လူ ၁၆ ဦးသေဆုံးခဲ့ပြီး Uttar Pradesh ပြည်နယ်မှာ ၁ ဦး သေဆုံးခဲ့တယ်လို့ အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် epa
Image caption နောက်ထပ် သေဆုံးသူ နဲ့ ထိခိုက်ဒဏ်ရာ ရရှိသူ အရေအတွက် ထပ်မံတိုးလာနိုင်

ငလျင်ရဲ့ ပျက်စီးမှုပမာဏ ဘယ်လောက်ထိ ဆိုးရွားတယ် ဆိုတာ သေချာမသိရသေးဘူးလို့ ကယ်ဆယ်ရေး လုပ်သားတွေက ပြောကြားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ