ရာမာဒီမြို့ရဲ့ အခိုင်မာဆုံးနေရာကို IS တွေ သိမ်းပိုက်

ဓာတ်ပုံ မူပိုင် AP
Image caption အန်ဘာ ပြည်နယ်နဲ့ ရာမာဒီ မြို့ကို ထိန်းချုပ်နိုင်ဖို့ အီရတ် တပ်ဖွဲ့တွေနဲ့ IS စစ်သွေးကြွတွေ အကြား တိုက်ခိုက်နေခဲ့။

အီရတ် နိုင်ငံမှာ အကျယ်ဆုံး ပြည်နယ်ရဲ့ မြို့တော် ရာမာဒီ မြို့က အစိုးရ ဌာနချုပ် အဆောက်အအုံကို IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ စစ်သွေးကြွတွေကို ထိန်းချုပ် လိုက်နိုင်ပြီလို့ သတင်းတွေ ရရှိပါတယ်။

ရာမာဒီ မြို့က ရဲဌာနချုပ်နဲ့ မြို့တော်ဝန် ရုံးခန်း တည်ရှိရာ ဝင်းခြံ အတွင်းမှာ IS စစ်သွေးကြွတွေက အသေခံ ကားဗုံးခွဲမှု ၆ ကြိမ် တိုက်ခိုက်ခဲ့သလို မော်တာ အမြောက်တွေနဲ့လည်း တိုက်ခိုက် ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ ဝင်းအတွင်းက လုံခြုံရေး တပ်သား အနည်းဆုံး ၅၀ လောက်လည်း အဖမ်းခံခဲ့ကြရတယ်လို့ သတင်းတွေက ပြောပါတယ်။

အီရတ်မှာ ဗျူဟာအရ အရေးပါတဲ့ အန်ဘာ ပြည်နယ်ကို ထိန်းချုပ် နိုင်ဖို့ အီရတ် အစိုးရ တပ်တွေနဲ့ IS စစ်သွေးကြွတွေ အကြား လနဲ့ချီ တိုက်ခိုက် နေခဲ့ကြတာပါ။

ဘဂ္ဂဒက်မြို့ အနောက်ဘက် ကနေ ဆီးရီးယား နယ်စပ်အထိ ကျယ်ပြန့်ပြီး ဆွန်နီ မွတ်ဆလင်တွေ အများဆုံး ရှိတဲ့ အဲဒီ အန်ဘာ ပြည်နယ်ကို IS အဖွဲ့ရဲ့ ရန်ကနေ လွတ်မြောက် စေရမယ်လို့ အီရတ် ဝန်ကြီးချုပ်က ပြီးခဲ့တဲ့ လကပဲ ကတိပေးခဲ့ ပါသေးတယ်။

ဒါပေမယ့် အခုတော့ အန်ဘာပြည်နယ်ရဲ့ ဧရိယာ တစ်ဝက်ကျော်နဲ့ ရာမာဒီ မြို့က နေရာ အတော်များများကို IS စစ်သွေးကြွတွေက ထိန်းချုပ် လိုက်နိုင်ပြီလို့ ဘဂ္ဂဒက် မြို့မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ