ဘော်​စ​တွန်​မာ​ရ​သွန် ဗုံး​ခွဲ​ခဲ့​သူ​ကို သေ​ဒဏ်​စီ​ရ​င်

_boston_bombers ဓာတ်ပုံ မူပိုင် Reuters
Image caption ၂၀၁၃ တုန်းက ဘော်စတွန် မာရသွန်ပြေးပွဲ တိုက်ခိုက် ခံခဲ့ရမှု မှာ လူ၃ဦး သေဆုံးခဲ့ပြီး ၂၆၀လောက် ဒဏ်ရာ ရခဲ့ကြပါတယ်။

အမေရိကန် ပြည်ထောင်စု မှာ ဘော်စတွန် မာရသွန် ဗုံးခွဲမှု ရဲ့ လက်သည် တစ်ဦးအဖြစ် ဂျိုခ် ဆာနာအက်ဖ် ကို ဆေးထိုး သတ် ရမယ် ဆိုပြီး သေဒဏ် ချမှတ် လိုက်ပြီ ဖြစ်ပါတယ်။

ဒီအမှု ဟာ အမေရိကန် ပြည်ထောင်စု ရဲ့ အကြမ်းဖက်မှု နဲ့ ပတ်သက် တဲ့ ကြားနာ စီရင်မှု တွေ ထဲ လူအများ ရဲ့ စိတ်ဝင်တစား စောင့်ကြည့် အခံရဆုံး အမှု တစ်ခု ဖြစ်ပါတယ်။

ထောင်ဒဏ် တစ်သက် ချမှတ် ရမလား သေဒဏ် စီရင် ရမလား ဆိုတာ ကို ဂျူရီ လူကြီး အဖွဲ့ က ၁၄ နာရီ ကြာ အချိန်ယူပြီး ဆုံးဖြတ် ခဲ့ကြ ပါတယ်။

၂၀၁၃ ဧပြီ လ တုန်း က ဘော်စတွန် မြို့ မာရသွန် ပြေးပွဲ ရဲ့ မာရသွန် ပြေးပွဲ ပန်းတိုင် စည်းနားမှာ ဂျိုခ် ဆာနာအက်ဖ်နဲ့ သူ့ရဲ့ အကို တာမာလဲန် ဆာနာအက်ဖ် တို့ က အိမ်လုပ် ဖောက်ခွဲ ပစ္စည်းတွေ ချထား ခဲ့တဲ့ အတွက် လူ၃ဦး သေဆုံးခဲ့ပြီး ၂၆၀ လောက် ဒဏ်ရာ ရခဲ့ကြပါတယ်။

အစ္စလာမ် ဘာသာကို အစွန်းရောက် ယုံကြည် သက်ဝင်သူ တဦးဖြစ်တဲ့ သူ့အကို တာမာလန် ကတော့ ရဲနဲ့ အပြန်အလှန် ပစ်ခတ်မှု အတွင်း သေဆုံး သွားခဲ့ပါတယ်။

ကြားနာ စစ်ဆေးမှု အတွင်း ဂျိုခ်ဟာ ဆာနာအက်ဖ်ရဲ့ ရှေ့နေ တွေက ဒီဗုံးခွဲမှု မှာ သူပါဝင် ခဲ့တယ် ဆိုတာ ကို ထုတ်ဖော် ဝန်ခံ ခဲ့ပေမယ့် သူ့အကိုကသာ ဒီကိစ္စ မှာ တွန်းအားပေး လှုံ့ဆော် ခဲ့သူ ဖြစ်တယ် ဆိုပြီး လျှောက်လဲ ခဲ့ကြ ပါတယ်။

ချက်ရှဲန်း လူမျိုးတဦး ဖြစ်တဲ့ ဂျိုခ်ဟာ ဆာနာအက်ဖ် ဟာ မတည်မငြိမ် ဖြစ်နေတဲ့ ချက်ရှ်ညာ ဒေသနဲ့ ကပ်ရက် ရုရှားနိုင်ငံ ဒါဂက်စတန် ဒေသ၊ ဆိုဗီယက် သမ္မတ နိုင်ငံဟောင်း ခါဂစ္စတန် သမ္မတ နိုင်ငံတို့မှာ ငယ်စဉ်က နေခဲ့တာပါ။

၂၀၀၂ခုနှစ် မှာတော့ မိသားစုနဲ့ အတူ အမေရိကန် ပြည်ထောင်စု ကို ရောက်ရှိ လာခဲ့တာ ဖြစ်ပါတယ်။

တရားလို ရှေ့နေတွေ ကတော့ ဂျိုခ်ဟာ ဆာနာအက်ဖ် ဟာ သူ့အကိုနဲ့ တန်းတူ ဒီ တိုက်ခိုက်မှု ကို လုပ်ခဲ့တာ ဆိုပြီး သူ့ကို ဖမ်းမိတုန်း မှာ တွေ့ရှိ ခဲ့ရ တဲ့ ငါတို့ ရဲ့ အပြစ် မဲ့သူတွေ ကို သတ်နေတာ ကို ရပ်တန်းက ရပ်ရင်ရပ် မဟုတ်ရင် ငါတို့က ရပ်အောင် လုပ်ရလိမ့်မယ် လို့ ရေးထားတဲ့ စာကို သက်သေ အဖြစ် တင်ခဲ့ ကြပါတယ်။

သူ့ကို သေဒဏ် ချမှတ်လိုက်တယ် ဆိုတာကို ဒါဂက်စ္စတန်မှာ နေနေတဲ့ သူ့ဖခင်ထံ AP သတင်းဌာန က ဖုန်းနဲ့ လှမ်း ပြောတဲ့ အခါ သူ့ဖခင်က အော်ဟစ် ငိုယိုပြီး ဖုန်းချ သွားတယ် လို့ သိရပါတယ်။

အခု သူ့ကို အင်ဒီယားနား ပြည်နယ်မှာရှိတဲ့ ဗဟို အစိုးရ အကျဉ်းထောင် တခုဆီ ရွှေ့ပြောင်း ထားမယ့် ပုံမျိုး ရှိပါတယ်။

အယူခံဝင်ဖွယ် ရှိနေတာမို့ ကွပ်မျက် ခံရဖို့က နှစ်နဲ့ချီ ကြာအုံးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ