ဥရောပသမဂ္ဂ မှ လူမှောင်ခိုဂိုဏ်း စစ်ဆင်ရေးချမှတ်

_bbc_304x171_bbc
Image caption EU နိုင်ငံခြားမူဝါဒ အကြီးအကဲ Federica Mogherini

မိမိတို့ နေရပ်ရင်း ဇာတိမြေကနေ ပြည်တွင်းစစ်၊ နှိပ်စက် ညှဉ်းပန်းမှု၊ ဆင်းရဲတွင်း က လွတ်မြောက်ရေး စတဲ့ အကြောင်းရင်း တွေ ကြောင့် အသက်စွန့် ပြီး ထွက်ခွာ လာကြတဲ့ လူတွေ ဟာ လူမှောင်ခို ဂိုဏ်းတွေ လက်အောက် ကျဆင်း ရတဲ့ ပြဿနာ ဟာ တောင်အာရှ မှာတင် မကပဲ အာဖရိက၊ အရှေ့အလယ်ပိုင်း ဒေသ စတာတွေ မှာပါ ပြန့်ပွားလာနေပါတယ်။

အခုရက်ပိုင်းမှာတင် ဥရောပ ဘက် ကို ကူးလာ သူတွေ ဟာ ရာသီဥတု ကြောင့် လှေ သင်္ဘော နစ်လို့ သေသူသေ၊ အဆမတန် လူတွေ တင်လာ ရာက သင်္ဘော မှောက်လို့ သေသူတွေ လည်းများလာကြပါတယ်။ ဒါကြောင့်မို့ မနေ့က ဥရောပသမဂ္ဂ ကောင်စီ မှာ အဖွဲ့ဝင်နိင်ငံ တွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ အစည်းအဝေး ကျင်းပပြီး ကြေညာချက် ထုတ်ပြန်တာ ကို ဘီဘီစီ သတင်းထောက် ဆိုင်မွန် ဝီလ်ဆင် က ဘရပ်ဆဲလ် ကနေ သတင်းပေးပို့ လိုက်ပါတယ်။

မနေ့က ဆုံးဖြတ်ချက် နဲ့ ပတ်သက်လို့ ဥရောပသမဂ္ဂ နိုင်ငံခြားမူဝါဒ ဆိုင်ရာ အကြီးအကဲ ဖယ်ဒရီကာ မိုဂါရီးနီးက မြေထဲပင်လယ်ထဲမှာ လူမှောင်ခိုဂိုဏ်းတွေ လှုပ်ရှားသွားလာတဲ့ ကွင်းဆက်တွေ ကို စုံစမ်းထောက်လှမ်းတဲ့ စီမံချက် ကို ဦးစွာ အကောင်အထည်ဖေါ်မယ် လို့ ပြောပါတယ်။

မြေထဲပင်လယ်ဘက် ကို လူမှောင်ခို တင်သွင်းလာတဲ့ ရာဇဝတ် ဂိုဏ်းတွေ ရဲ့ ကွန်ယက်တွေ ဆက်ပြီး မလှုပ်ရှားနိုင်အောင် စနစ်တကျ ဖြိုဖျက်ပစ်ရမဲ့ အကြောင်း၊ ဒီဆုံးဖြတ်ချက် ကိုလည်း လာမဲ့ သီတင်းပတ်တွေ အတွင်းမှာ အကောင်အထည် ဖေါ်မှာပါ လို့ သတင်းထောက်တွေ ကို ရှင်းပြပါတယ်။

ဒုတိယ နဲ့ တတိယ အဆင့် အနေနဲ့ တော့ ဖမ်းမိတဲ့ လူမှောင်ခိုဂိုဏ်းတွေ ရဲ့ ပိုင်ဆိုင်မှု တွေ ကို ရှာဖွေ သိမ်းဆည်းတာတွေ၊ နိုင်ငံတကာ ဥပဒေ အရ လစ်ဗျား အာဏာပိုင်တွေ နဲ့ ပူးတွဲဆောင်ရွက်မဲ့ အစီအစဉ်လည်း ပါဝင်ပါတယ်။

ဒီစီမံချက် ကို စစ်ဆင်ရေးအသွင်နဲ့ ဆောင်ရွက်ရာမှာ ရောမမြို့ကို ဌာနချုပ် အနေနဲ့ သတ်မှတ်ပြီး အီတလီ ရေတပ် ဗိုလ်ချုပ်ကြီး အင်ရစ်ကို ကရက်ဒင်ဒီးနိုး က စစ်ဆင်ရေးမှူး အဖြစ်တာဝန် ယူစေမှာပါ။ ၁၂ လ လို့ အကြမ်းဖျဉ်း သတ်မှတ်ထားတဲ့ ဒီစစ်ဆင်ရေး အတွက် နှစ်လစာ ယူရို ၁၁ ဒဿမ ၈၂သန်း သုံးစွဲဖို့ ရှိတဲ့ အကြောင်း သိရပါတယ်။