လူကုန်ကူးသူတွေအပေါ် စစ်ဆင်ရေး အီးယူ အတည်ပြုဖို့ရှိ

ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၁၅ အတွင်း လူ ၆ သောင်းလောက် မြေထဲပင်လယ် ဖြတ်ဖို့ ကြိုးစားခဲ့တယ်လို့ ကုလ ပြော။

လစ်ဗျား နိုင်ငံ အတွင်းက တရားမဝင် လူကုန် ကူးသူတွေရဲ့ လှေတွေကို တိုက်ခိုက် ဖျက်ဆီးပစ်ဖို့အတွက် စစ်ဆင်ရေး တစ်ခုကို အီးယူ ဥရောပ သမဂ္ဂ အဖွဲ့ရဲ့ နိုင်ငံခြားရေးနဲ့ ကာကွယ်ရေး ဝန်ကြီးတွေ အတည်ပြုကြဖို့ ရှိပါတယ်။

ဘရပ်ဆဲလ် မြို့မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ဒီစစ်ဆင်ရေး အတွက် စီမံ ကွပ်ကဲပုံနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အခုလို လူကုန်ကူးသမားတွေရဲ့ လှေတွေကို တိုက်ခိုက် ဖျက်ဆီးမယ့် အစီအစဉ်ဟာ မြေထဲပင်လယ်ကို ဖြတ်ပြီး ဥရောပကို ဝင်ရောက် လာနေတဲ့ တရားမဝင် ရွှေ့ပြောင်း ဝင်ရောက်သူတွေကို တားဆီးဖို့ ကြိုးစားတဲ့ အစီအစဉ် တစ်ခု ဖြစ်ပါတယ်။

အခုနှစ် ၂၀၁၅ အတွင်းမှာ မြေထဲ ပင်လယ်အတွင်း ရေနစ် သေဆုံးခဲ့ကြရတဲ့ ရွှေ့ပြောင်း ဝင်ရောက်သူပေါင်း တစ်ထောင့် ရှစ်ရာ ကျော်သွားပြီ ဖြစ်တဲ့အတွက် မနှစ်က အလားတူ အချိန်အတွင်း သေဆုံးသူ အရေအတွက်ထက် အဆ ၂၀ အထိ တိုးလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို လူကုန်ကူးသူတွေရဲ့ လှေတွေကို တိုက်ခိုက် ဖျက်ဆီးမယ့် စစ်ဆင်ရေးအတွက် လစ်ဗျား အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက် သွားမယ်လို့ အီးယူ နိုင်ငံခြားရေး မူဝါဒ အကြီးအကဲ Federica Mogherini က ပြောပေမယ့် လစ်ဗျားမှာ အစိုးရက တစ်ခုတည်း ရှိတာ မဟုတ်တဲ့အတွက် ဒီစစ်ဆင်ရေးမှာ ရှုပ်ထွေးမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ