ရာမာဒီမြို့ကို ပြန်တိုက်ဖို့ ရှီးယား တပ်သားတွေ စုဝေး

ဓာတ်ပုံ မူပိုင် Reuters
Image caption ရာမာဒီမြို့ ကျခဲ့ပြီးနောက် ထောင်နဲ့ချီတဲ့ ဆွန်နီ မွတ်ဆလင်တွေ ထွက်ပြေးခဲ့ရ။

အီရတ် နိုင်ငံမှာ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ စစ်သွေးကြွ တွေက အရေးပါတဲ့ ရာမာဒီမြို့ကို သိမ်းပိုက် ခဲ့ပြီးနောက် တစ်ရက် အကြာမှာ မြို့ကို ပြန်လည် သိမ်းယူနိုင်ရေး အတွက် ရှီးယား တိုက်ခိုက်ရေး သမားတွေက မြို့အရှေ့ပိုင်းမှာ စုဝေး ရောက်ရှိနေပြီလို့ သတင်းတွေ ရရှိပါတယ်။

အန်ဘာ ပြည်နယ်ရဲ့ မြို့တော် ရာမာဒီမြို့ကို တနင်္ဂနွေနေ့က အီရတ် တပ်ဖွဲ့တွေ လက်လွှတ် ခဲ့ရပြီးနောက် အီရတ် အစိုးရက အီရန် ကျောထောက် နောက်ခံ ပေးထားတဲ့ ရှီးယား တိုက်ခိုက်ရေး သမားတွေကို အကူအညီ တောင်းခဲ့တာ ဖြစ်ပါတယ်။

ရာမာဒီမြို့ကို IS အဖွဲ့က သိမ်းပိုက် နိုင်ခဲ့တာဟာ တစ်နှစ်အတွင်းမှာ သူတို့အတွက် အကြီးကျယ်ဆုံး အောင်မြင်မှု ဖြစ်ပြီး၊ ရှီးယား တိုက်ခိုက်ရေး သမားတွေရဲ့ အကူအညီနဲ့ မြို့ကို ပြန်လည် ရရှိနိုင်မယ်လို့ အီရတ် အစိုးရက မျှော်လင့် ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းအတွင်းက တိကရစ်မြို့ကို အီရတ် အစိုးရက ပြန်လည် သိမ်းပိုက် နိုင်ခဲ့ချိန်ကလည်း ရှီးယား တိုက်ခိုက်ရေး သမားတွေက အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်ခဲ့ကြပါတယ်။

ရာမာဒီမြို့ အရှေ့ဘက် ၁၂ မိုင်ခန့် ဝေးတဲ့ ဟက်ဘန်နီယာ မြို့ကို ရှီးယား တပ်သား ၃ ထောင်လောက် ရောက်ရှိလာပြီလို့ အန်ဘာ ပြည်နယ် ကောင်စီက သတင်း ထုတ်ပြန်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ