လူအုပ်နဲ့ သတ်ဖြတ်မှု၊ အာဖဂန် ရဲ ၁၁ ဦး ထောင်ကျ

Image caption Farkhunda ဟာ ကာဘူးလ် မြို့လယ်က ရဲတွေ ရှေ့မှောက်မှာ သတ်ဖြတ် ခံခဲ့ရ။

အာဖဂန် နစ္စတန် နိုင်ငံမှာ ပြီးခဲ့တဲ့ မတ်လက အမျိုးသမီး တစ်ယောက်ကို လူအုပ်စုနဲ့ ရိုက်နှက် သတ်ဖြတ်ခဲ့မှုမှာ အကာအကွယ် ပေးဖို့ ပျက်ကွက်ခဲ့မှုနဲ့ ရဲဝန်ထမ်း ၁၁ ယောက်ကို ထောင်ဒဏ် ၁ နှစ်စီ ချမှတ် လိုက်ပါတယ်။

နောက်ထပ် ၈ ယောက်ကိုတော့ အထောက် အထား မခိုင်လုံတဲ့ အတွက် တရားသေ လွှတ်လိုက်ပါတယ်။

ဒါပေမယ့် သူတို့တွေ အယူခံ ဝင်ခွင့် ရှိတယ်လို့ တရားသူကြီး Safiullah Mojaddidi က ပြောပါတယ်။

Farkhunda ဆိုတဲ့ အမျိုးသမီးဟာ ကိုအန်ရ် ကျမ်းစာအုပ်ကို မီးရှို့ခဲ့တယ်လို့ မဟုတ်မမှန် စွပ်စွဲခံရပြီးနောက် ဝတ်ကျောင်းမှာပဲ တိုက်ခိုက် ခံခဲ့ရတာ ဖြစ်ပါတယ်။

အချို့ကတော့ ရဲတွေကို ပြစ်ဒဏ် ၁ နှစ်သာ ချမှတ်တာနဲ့ ပတ်သက်ပြီး ဝေဖန် ရှုတ်ချနေကြပါတယ်။

အာဖဂန် အမတ် တစ်ယောက်ကတော့ သူတို့တွေ အစား ကာဘူးလ်မြို့ ရဲချုပ်ကို တရားစွဲ သင့်တယ်လို့ ပြောပါတယ်။

သတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်သူ ၄ ယောက်ကို သေဒဏ် ချမှတ်ပြီး ဖြစ်သလို နောက်ထပ် ၈ ယောက်ကိုတော့ ထောင်ဒဏ် ၁၆ နှစ် စီ ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ