ဒုက္ခသည်အရေး မလေးကို ကူမယ်လို့ ကုလ ပြော

ဓာတ်ပုံ မူပိုင် epa
Image caption ဒုက္ခသည် လှေတွေကို မလေးရှား အစိုးရက အစားအသောက်တွေ ပေးကမ်းနေပေမယ့် ကမ်းကပ်ခွင့် မပေးတော့။

ပင်လယ်ပြင်ထဲက စက်လှေတွေပေါ်မှာ ဒုက္ခရောက် ပိတ်မိနေကြတဲ့ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေ အရေးကို ကိုင်တွယ်ရာမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က မလေးရှားကို ကူညီမယ်လို့ ပြောဆို လိုက်ပါတယ်။

လှေစီး ဒုက္ခသည်တွေ နောက်ထပ် မဝင်ရောက် နိုင်အောင် မလေးရှားက သူ့ရဲ့ ရေပြင် နယ်နိမိတ်ကို ပိတ်ဆို့ ထားခဲ့ပြီးနောက် UNHCR က ဆေးဝါးနဲ့ တခြား ကယ်ဆယ်ရေး အထောက်အပံ့တွေ ကူညီသွားမယ်လို့ ပြောကြား လိုက်တာ ဖြစ်ပါတယ်။

လှေစီး ဒုက္ခသည်တွေကို လက်ခံဖို့ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတို့ကလည်း မလေးရှား နည်းတူ ငြင်းဆို နေကြဆဲ ဖြစ်ပါတယ်။

ဘင်္ဂလာဒေ့ရှ်နဲ့ မြန်မာနိုင်ငံ တို့ကနေ ထွက်ပြေး လာကြတဲ့ လှေစီး ဒုက္ခသည်တွေဟာ ကပ္ပလီ ပင်လယ်ပြင်မှာ ရက်ပေါင်း များစွာ မျောနေခဲ့ကြ ပါတယ်။

မလေးရှား နိုင်ငံမှာ အခု နှစ်ပိုင်း အတွင်း ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း ၄ သောင်းခွဲ ကျော်ကို လက်ခံ ထားခဲ့ပြီး ဖြစ်တယ်လို့ ကုလသမဂ္ဂက အဆိုအရ သိရပြီး၊ အခုတော့ နောက်ထပ် လက်မခံ နိုင်တော့ဘူးလို့ မလေးရှားက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ