ထိုင်း ဖွဲ့စည်းပုံ အသစ် အများဆန္ဒ ကောက်ယူမယ်

ဓာတ်ပုံ မူပိုင် epa
Image caption သူ့မှာ အပြစ်မရှိကြောင်း သက်သေ ပြနိုင်မယ်လို့ ယင်လတ် ပြော။

ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်နဲ့ ပတ်သက်ပြီး အများပြည်သူရဲ့ ဆန္ဒ သဘောထားကို ကောက်ခံမယ်လို့ ထိုင်း စစ်အစိုးရက ပြောပါတယ်။

လွန်ခဲ့တဲ့ ၁ နှစ်က စစ်တပ်က အာဏာ သိမ်းခဲ့ ပြီးတဲ့နောက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ကို ပြန်လည် ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အခြေခံ ဥပဒေသစ် အတွက် ပြည်သူ့ ဆန္ဒ ခံယူပွဲ လုပ်မယ်ဆိုရင် လာမယ့် နှစ် လယ်ပိုင်း အထိ ဖြစ်နိုင်ခြေ မရှိဘူးလို့ ယူဆထားကြတဲ့ အထွေထွေ ရွေးကောက်ပွဲဟာ နောက်ထပ် အချိန် ကြန့်ကြာ သွားနိုင်ဖွယ် ရှိပါတယ်။

အင်္ဂါနေ့ အစောပိုင်းကတော့ ထိုင်း ဝန်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နာဝပ်ကို ပြစ်မှု မြောက်တဲ့ တာဝန် ပျက်ကွက်မှုအတွက် ကြားနာ စစ်ဆေးမှု စတင်ခဲ့ရာမှာ မစ် ယင်လတ်က တရားရုံးမှာ လာရောက် စစ်ဆေး ခံခဲ့ပါတယ်။

ထိုင်းအစိုးရရဲ့ စပါး အပေါင်ခံတဲ့ စီမံကိန်းမှာ အဂတိ လိုက်စားမှုတွေ ရှိတာကို တားဆီးဖို့ ပျက်ကွက်ခဲ့တယ် ဆိုတဲ့ စွဲချက်တွေနဲ့ စွဲဆို ခံရတာ ဖြစ်ပြီး ယင်လတ် ရှင်နာဝပ်က သူ့မှာ အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ပါတယ်။

တရားရုံးရှေ့မှာ သူမကို ထောက်ခံသူတွေက စောင့်ကြို နေခဲ့ကြပြီး မစ်ယင်လတ်က သူ့မှာ အပြစ်မရှိကြောင်း သက်သေ ပြနိုင်မယ်လို့ ယုံကြည်တယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

တကယ်လို့သာ သူ့မှာ အပြစ်ရှိတယ်လို့ ဆုံးဖြတ် ခံရရင်တော့ ထောင်ဒဏ် ၁၀ နှစ် အထိ ကျခံရနိုင်ပါတယ်။ နောက်တစ်ကြိမ် ကြားနာမယ့် ရုံးချိန်း ရက်ကတော့ ဇူလိုင် ၂၁ ရက်နေ့ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ