ပါလ်မိုင်ရာ မြို့ဟောင်း IS လက်တွင်း ကျလုနီးနေ

ဓာတ်ပုံ မူပိုင် AP
Image caption ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် စာရင်းဝင် ပါလ်မိုင်ရာ မြို့ဟောင်း IS အန္တရာယ်နဲ့ ရင်ဆိုင်နေရ။

ဆီးရီးယား နိုင်ငံမှာ ရှိတဲ့ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ စစ်သွေးကြွေတွေဟာ အရှေ့အလယ်ပိုင်းမှာ အကြီးဆုံး ရှေးဟောင်း အမွေအနှစ် နေရာ ဖြစ်တဲ့ ပါလ်မိုင်ရာ မြို့ဟောင်းနဲ့ ကပ်ရပ်က Tadmur မြို့ရဲ့ ဧရိယာ သုံးပုံတစ်ပုံကို သိမ်းပိုက် နိုင်လိုက်ပြီလို့ သတင်းတွေ ရရှိပါတယ်။

IS စစ်သွေးကြွတွေဟာ ဆီးရီးယား အစိုးရ တပ်ဖွဲ့တွေနဲ့ အပြင်းအထန် ရင်ဆိုင် တိုက်ခိုက် ခဲ့ပြီးနောက် Tadmur မြို့ မြောက်ပိုင်းကို သိမ်းပိုက် ခဲ့ကြတာလို့ အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ကုလသမဂ္ဂ စာပေနဲ့ ယဉ်ကျေးမှု ဆိုင်ရာ အဖွဲ့ Unesco က ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် အဖြစ် သတ်မှတ် ထားတဲ့ အဲဒီ မြို့ဟောင်းကို ကာကွယ်ရေး အတွက် တကမ္ဘာလုံးမှာ တာဝန် ရှိတယ်လို့ ဆီးရီးယား ရှေးဟောင်း အမွေအနှစ် ဌာန အကြီးကဲက ဆိုပါတယ်။

အဲဒီ မြို့ဟောင်းမှာ ရှိတဲ့ ရှေးဟောင်း ရုပ်တုတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်း ထားပြီး ဖြစ်ပေမယ့် အဆောက်အအုံ တွေကိုတော့ ကာကွယ်နိုင်မှာ မဟုတ်ကြောင်း သူက သတိပေးပါတယ်။

IS စစ်သွေးကြွတွေဟာ အီရတ် နိုင်ငံထဲက ရှေးဟောင်း အမွေအနှစ် နေရာတွေကိုလည်း ဖျက်ဆီး လုယက် ခဲ့ကြပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ