မြောက်ကိုရီးယား နျူလက်နက် ဒုံးကျည်ထဲ ထည့်နိုင်ပြီဟုဆို

ဓာတ်ပုံ မူပိုင် AP
Image caption ရေငုပ်သင်္ဘောကနေ ဒုံးကျည် စမ်းသပ် ပစ်လွှတ်တဲ့ ပုံတွေ အခုလ အစောပိုင်းက ထွက်ပေါ်ခဲ့။

မြောက်ကိုရီးယား နိုင်ငံဟာ နျူကလီးယား လက်နက်ကို ဒုံးကျည်ထဲ ထည့်ပစ် နိုင်လောက်တဲ့ အထိ သေးငယ်အောင် လုပ်ဆောင် နိုင်ခဲ့ပြီလို့ ပြောဆို လိုက်ပါတယ်။

မြောက်ကိုရီးယား ကာကွယ်ရေး ဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ နျူကလီးယား လက်နက်ကို အရွယ်အစား သေးငယ်အောင် ပြုလုပ်တဲ့ အဆင့်ဟာ အတန်ကြာ ကတည်းက ပြီးမြောက် ခဲ့ပြီလို့ ဖော်ပြ ထားပါတယ်။

ဒါပေမယ့် အကဲဖြတ်သူတွေကတော့ မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်မှာ တိုးတက်မှုတွေ ရှိတဲ့ အထောက်အထားတွေ တွေ့ရပေမယ့် ဘယ်အဆင့်အထိ ရောက်နေတယ် ဆိုတာကို တိတိကျကျ အကဲဖြတ်ဖို့ ခက်တယ်လို့ ဆိုကြပါတယ်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း လာရောက်မယ့် အစီအစဉ်ကို မြောက်ကိုရီးယား ဘက်က ပယ်ဖျက်လိုက်ပြီး နာရီပိုင်း အကြာမှာ ဒီကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဘန်ကီမွန်းဟာ တောင်နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံ ပူးတွဲ လုပ်ဆောင်နေတဲ့ စက်မှုဇုန်ကို သွားရောက်ဖို့ စီစဉ်ထားတာ ဖြစ်ပြီး၊ အဲဒီ အစီအစဉ် မပျက်ခဲ့ရင် နှစ်ပေါင်း ၂၀ ကျော်အတွင်း ကုလ အတွင်းရေးမှူးချုပ် တစ်ယောက် မြောက်ကိုရီးယားကို ပထမဆုံး သွားရောက်မှု ဖြစ်လာမှာ ဖြစ်ပါတယ်။

အခုလ အစောပိုင်းကလည်း မြောက်ကိုရီးယား ရေငုပ်သင်္ဘော တစ်စင်းကနေ ဒုံးကျည်တွေ စမ်းသပ် ပစ်လွှတ်တဲ့ ဓာတ်ပုံတွေ ထွက်ပေါ် လာခဲ့ပါသေးတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ