ဆင်းရဲချမ်းသာ ကွာဟမှု နှစ် ၃၀ အတွင်း အမြင့်ဆုံးဖြစ်လာ

Image caption အချမ်းသာဆုံး ၁၀ ရာနှုန်းရဲ့ ဝင်ငွေက အဆင်းရဲဆုံး ၁၀ ရာနှုန်းထက် ၁၀ ဆ နီးပါး ရှိလာ။

ကမ္ဘာပေါ်က ဖွံ့ဖြိုးပြီး နိုင်ငံ အများစုမှာ ဆင်းရဲ ချမ်းသာ ကွာဟမှုဟာ နှစ် ၃၀ အတွင်း အမြင့်ဆုံး ဖြစ်လာခဲ့ပြီလို့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးရေး အဖွဲ့ OECD ရဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြ ထားပါတယ်။

ဒီလို မညီမျှမှုတွေ တိုးမြှင့်လာတဲ့အတွက် စီးပွားရေး ဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေရုံသာမက လူမှု အသိုင်းအဝိုင်းကိုလည်း ထိခိုက်စေကာ စီးပွားရေး အဖွဲ့အစည်းတွေ ပေါ်မှာလည်း လူအများရဲ့ ယုံကြည်မှုကို ပျက်ပြား စေတယ်လို့ OECD က ပြောပါတယ်။

OECD ရဲ့ အဖွဲ့ဝင် ၃၄ နိုင်ငံက လူတွေထဲမှာ အချမ်းသာဆုံး ၁၀ ရာခိုင်နှုန်းရဲ့ ဝင်ငွေက အဆင်းရဲဆုံး ၁၀ ရာခိုင်နှုန်းရဲ့ ဝင်ငွေထက် ၁၀ ဆ နီးပါး ရှိနေတယ်လို့ ဆိုပါတယ်။

အဲဒီ ဆင်းရဲချမ်းသာ ကွာဟမှုနှုန်းကို တိုင်းတာတဲ့ စံနှုန်း အတိအကျ မရှိပေမယ့် စီးပွားရေး ကျပ်တည်းနေတဲ့ အချိန်မှာ ကွာဟမှုနှုန်း နှေးကွေးခဲ့ပြီး အခုတခါ ပြန်လည် မြင့်တက်လာတာ ဖြစ်ပါတယ်။

ဒီလို မညီမျှမှုတွေကို လျော့နည်းစေဖို့ ပညာရေးမှာ ပိုမို ရင်းနှီးမြှုပ်နှံဖို့နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးပွားစေမယ့် မူဝါဒတွေ ချမှတ်ဖို့ OECD က တိုက်တွန်း ထားပါတယ်။

OECD ရဲ့ အဖွဲ့ဝင် နိုင်ငံတွေထဲမှာ ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံ အများစု အပြင် ဖွံ့ဖြိုးပြီး နိုင်ငံတွေ ဖြစ်တဲ့ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျနဲ့ ဂျပန် နိုင်ငံတွေလည်း ပါဝင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ