ကိုရီးယားလေကြောင်း အရာရှိဟောင်း လွတ်မြောက်လာ

ဓာတ်ပုံ မူပိုင် Reuters
Image caption သတင်းထောက်တွေရဲ့ မေးခွန်းတွေကို တစုံတရာ ဖြေကြားမှု မပြုခဲ့။

လေယာဉ်ပေါ်မှာ တည်ခင်းတဲ့ သစ်သီးဆံ ကိစ္စနဲ့ ပတ်သက်ပြီး စိတ်လိုလက်ရ ဆောင်ရွက်ခဲ့လို့ ထောင်ဒဏ် ချမှတ် ခံထားရတဲ့ ကိုရီးယား လေကြောင်းလိုင်း အမှုဆောင် အရာရှိဟောင်း Heather Cho ဟာ အယူခံ တရားရုံးမှာ အယူခံ အောင်ခဲ့ပြီးနောက် ဆိုင်းငံ့ ပြစ်ဒဏ်နဲ့ လွတ်မြောက် သွားပါတယ်။

ဟယ်သာချိုကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ထောင်ဒဏ် တစ်နှစ် ချမှတ် ခဲ့ပြီးနောက် ဒီကနေ့ သောကြာနေ့မှာ အယူခံ တရားရုံးက ထောင်ဒဏ် ၁၀ လအထိ လျှော့ချ ပေးခဲ့သလို အဲဒီ လက်ကျန် ထောင်ဒဏ် ခံယူရမယ့် အချိန်ကိုလည်း ၂ နှစ် ဆိုင်းငံ့ ပေးခဲ့တဲ့အတွက် လွတ်မြောက် သွားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဘီးလှိမ့် ထွက်ခွာနေတဲ့ လေယာဉ်ကို လေဆိပ် ဂိတ်ပေါက်ဆီ ပြန်လှည့်ခိုင်းခဲ့တဲ့ အတွက် သူမကို လေယာဉ်ရဲ့ လုံခြုံရေးကို ထိခိုက်စေတဲ့ အမှုနဲ့ အစောပိုင်းက ပြစ်ဒဏ် ချခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အယူခံ တရားရုံးကတော့ သူမဟာ လေယာဉ်အမှုထမ်းတွေ အပေါ် ကျူးလွန်ခဲ့တဲ့ အမှုအတွက် အပြစ်ရှိပေမယ့် လေယာဉ်ရဲ့ လေကြောင်း ခရီးစဉ်ကိုတော့ မထိခိုက် စေခဲ့ဘူးလို့ ဆုံးဖြတ်ခဲ့ပြီး ဆိုင်းငံ့ ပြစ်ဒဏ်အထိ လျှော့ချ ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ