ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂ ထဲဆက်နေရေး ဆွေးနွေး

_david_cameron_hosts_ ဓာတ်ပုံ မူပိုင် Getty
Image caption ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန် နဲ့ အီးယူ ဥက္ကဌ Jean-Claude Juncker

ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန် ဟာ ဥရောပသမဂ္ဂ ကော်မရှင် ဥက္ကဌ Jean-Claude Juncker နဲ့ ဥရောပသမဂ္ဂ ထဲ မှာ ဗြိတိန်နိုင်ငံ က အဖွဲ့ဝင် အဖြစ် ဆက်လက် ရှိရေး မရှိရေး ဆိုတဲ့ ကိစ္စ ကို ညှိနှိုင်း ရေး အတွက် ဝန်ကြီးချုပ်ရဲ့ အပမ်းဖြေ စံအိမ် မှာ သီးသန့် ဆွေးနွေး ကြတာပါ။

မစ္စတာ ကင်မရွန် ဘက်ကတော့ လာမဲ့ ၂၀၁၇ ခု နှစ်ကုန် ပိုင်းမှာ ဥရောပသမဂ္ဂ ထဲ ဆက်နေရေး မနေရေး ကို ပြည်သူ့ဆန္ဒ ခံယူမဲ့ အစီအစဉ် ကို ကတိပေးလိုက်ပါတယ်။ အစိုးရ သတင်းရပ်ကွက် အဆိုအရ ဒီဆွေးနွေးပွဲ ကနေ မစ္စတာ ကင်မရွန် အနေနဲ့ သူ့ဘက်က လိုလားချက်တွေ ကို ညှိယူလို့ ရမယ့် အခွင့်အရေး လို့ ပြောပါတယ်။ အထူးသဖြင့် ဥရောပ ဘက် ကနေ ဗြိတိန် ဘက် ကို ရွှေ့ပြောင်းလာသူတွေ အနေနဲ့ လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့် နဲ့ ဗြိတိန် နိုင်ငံသားတွေ လို ခံစားပိုင်ခွင့် တွေ အကြောင်း ဦးစားပေး ဆွေးနွေး ကြဘွယ်ရှိပါတယ်။

မစ္စတာ ကင်မရွန် ဘက်က တင်ပြတဲ့ အချက်အလက် တွေ ကတော့ ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အကြား မှာ လွတ်လပ်စွာ ရွှေ့ပြောင်း နေထိုင်ကြတဲ့ အခါ မှာ ဥရောပ နိုင်ငံသားတွေ အနေနဲ့ ဗြိတိန် နိုင်ငံတွင်း က ခံစားပိုင်ခွင့် တွေ ကို စိစစ် ဖို့လိုတဲ့ အကြောင်း၊ တခြား နိုင်ငံ တွေ ဘက် ကူးပြောင်း ကြရင်လည်း အလားတူ ကိစ္စရပ်တွေ ကို သုံးသပ် ကြရဖို့ ရှိတာတွေ တင်ပြပါတယ်။ ဒါကြောင့်မို့ ဥရောပသမဂ္ဂ ရဲ့ အခြေခံ မူတွေ ကို ပြန်လည် သုံးသပ် ဖို့လည်း လိုသေးလို့ အသေးစိတ် ကို တော့ လာမဲ့ နှစ်အတွင်း မှာ ဆွေးနွေးကြဦး မှာပါ လို့ ရှင်းပြတာပါ။

မစ္စတာ ကင်မရွန် ရဲ့ ဥရောပသမဂ္ဂနဲ့ စေ့စပ်ညှိနှိုင်း မဲ့ ကတိ ကို အဖွဲ့ထဲ က ထွက်စေချင်တဲ့ ယူကစ် ပါတီ အမတ် ဒေါက်ကလပ်စ် ကားစ်ဝဲလ် ကတော့ မစ္စတာ ကင်မရွန် ဟာ ဥရောပ နဲ့ ဆက်ဆံရေး အခြေခံ အချက်တွေ ကို ရှာဖွေ ပေးမှာ မဟုတ်ဘူး လို့ ဝေဖန် လိုက်ပါတယ်။

ဝန်ကြီးချုပ် ကိုယ်တိုင်လည်း လာမဲ့ ရက်ပိုင်း အတွင်းမှာ ဥရောပ နိုင်ငံတွေ ဘက် ခရီး ထွက်ဖို့ ရှိပါတယ်။ အခု ကြာသာပတေးနေ့ မှာတော့ ပြည်သူ့ဆန္ဒ မဲ ကောက်ခံတဲ့ အခါမှာ ဘယ်သူတွေ မဲပေး ပိုင်ခွင့် ရှိတယ် ဆိုတဲ့ ဥပဒေကြမ်း ကို ပါလီမန် မှာ တင်သွင်းဖို့ ရှိပါတယ်။ ဒါပေမဲ့ ယူကေမှာ အခြေချ နေထိုင်တဲ့ ဥရောပ နိုင်ငံသားတွေ တော့ မဲပေးခွင့် မရ မဲ့ အခြေအနေ ရှိပါတယ်။ အကြမ်းအားဖြင့်တော့ ၄၅ ဒဿမ ၃ သန်း မဲပေးခွင့် ရမယ် လို့ ခန့်မှန်းထားတဲ့ အကြောင်း ဘီဘီစီ နိုင်ငံရေးရာ သတင်းထောက် ခရစ်မေဆင် က သတင်း ရေးသား ပေးပို့ လိုက်တာပါ။