နိုင်ဂျီးရီးယားမှာ လောင်စာဆီ ပြတ်တဲ့ ပြဿနာပေါ်

ဓာတ်ပုံ မူပိုင်
Image caption လောင်စာဆီ ပြတ်လတ်နေတဲ့အတွက် တနိုင်ငံလုံး အသွားအလာတွေ လုပ်ငန်းတွေ ရပ်ဆိုင်းလုနီးပါး ဖြစ်

နိုင်ဂျီးရီးယားနိုင်ငံမှာ လောင်စာဆီ ပြတ်သွားတဲ့အတွက် ဘဏ်ခွဲတွေကို နဂို ထက်စောပြီး ဒီကနေ့ နေ့လည်မှာ ပိတ်မယ်လို့ အဓိက ဘဏ်ကြီးတခုက ထုတ်ဖော် ကြေညာလိုက်ပါတယ်။

လတ်တလော လောင်စာဆီ ပြတ်လပ်နေတဲ့အတွက် ဘဏ်ခွဲတွေဆီ ဒီဇယ်ဆီတွေ ထောက်ပံ့ဖို့ အကန့်အသတ် ဖြစ်နေရတယ်လို့ အဲဒီ GT ဘဏ်က ပြောပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံမှာ လျှပ်စစ်ဓါတ်အား ချို့တဲ့တဲ့အတွက် စီးပွားရေးလုပ်ငန်းအတော်များများအနေနဲ့ မီးစက်တွေကိုပဲ အသုံးပြုနေရပါတယ်။

မကြာခင် သက်တမ်း ပြီးဆုံးတော့မယ့် အစိုးရနဲ့ လောင်စာဆီ တင်သွင်းသူတွေ အကြား အငြင်းပွားမှုတခုကြောင့် အခုလို လောင်စာဆီတွေ ပြတ်လပ်သွားရာမှာ နိုင်ဂျီးရီးယားနိုင်ငံ တခုလုံး အသွားအလာတွေ၊ လုပ်ငန်းတွေ ရပ်ဆိုင်းလုနီးပါး ဖြစ်သွားခဲ့ရပါတယ်။

လောင်စာဆီ တင်သွင်းသူတွေက အစိုးရက သူတို့ကို အမတော်ကြေး ဒေါ်လာ တစ်ဘီလျံလောက် ပေးဖို့ ရှိနေတယ်လို့ ပြောနေကြပြီး ငွေရမှ လောင်စာဆီ တင်ပို့မယ်ဆိုပြီး အာဏာပိုင်တွေကို အကြပ်ကိုင်နေပုံရတယ်လို့ လေးဂေါ့စ်မြို့မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။