ရွှေ့ပြောင်း ဝင်လာသူ တွေကို EU နေရာချ

eu ဓာတ်ပုံ မူပိုင် bbc
Image caption လူသောင်းချီပြီး မြေထဲပင်လယ် ဖြတ်ပြီး ဥရောပ ဝင်ဖို့ ကြိုးစား

အာဖရိကနဲ့ အရှေ့အလယ်ပိုင်း ဒေသတွေ ကနေ ဥရောပ တောင်ပိုင်း ကို ရောက်ရှိ နေကြတဲ့ ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်း နေထိုင်သူတွေကို နေရာ ချထားပေးဖို့ အစီအစဉ် ကို ဥရောပ ကော်မရှင်က မနေ့က ကြေညာသွား ပါတယ်။

အီးယူ ဥရောပ သမဂ္ဂရဲ့ အစီအစဉ် အရ ဂျာမနီနဲ့ ပြင်သစ် က ဒီဒုက္ခသည် အများစုကို လက်ခံ ယူရမှာ ဖြစ်ပါတယ်။

ဥရောပကို ဆီးရီးယားနဲ့ အီရစ်ထရီးယား ကနေ အသစ် ဝင်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၄ သောင်း ၂ ထောင်ကို အီတလီနဲ့ ဂရိ ကနေ တခြား အီးယူအဖွဲ့ဝင် နိုင်ငံတွေမှာ ၂ နှစ် အတွင်း ခွဲဝေ နေရာချ ထားပေးသွားမယ်လို့ အီးယူ ရဲ့ လူဝင်လူထွက် မင်းကြီး Avramopoulos က ပြောကြား သွားခဲ့ပါတယ်။

အခုလို ခွဲတမ်းနဲ့ လုပ်နေတာကို ပြင်သစ်၊ စပိန်၊ ဟန်ဂေရီ၊ စလိုဗက်ကီးယားနဲ့ အက်စ်တိုနီးယားနိုင်ငံတွေက စိုးရိမ်မကင်းဖြစ်နေကြပါတယ်။

ဗြိတိသျှ အစိုးရ ကတော့ အခုလို ပြောင်းရွှေ့ရေး အစီအစဉ် မှာ ပါမှာ မဟုတ်ဘူး လို့ ပြောဆို ခဲ့ပါတယ်။

ဒီအတွက် နောက်ဆုံး အဆုံးအဖြတ် ကိုတော့ ဥရောပ လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်ပြီးမှ အီးယူ အဖွဲ့ဝင် အစိုးရ တွေက အတည်ယူရမှာ ဖြစ်ပါတယ်။

ဒီအတွက် ဒိန်းမတ်လို နိုင်ငံတွေက ဒီဆုံးဖြတ်ချက်ကို လိုက်နာစရာ မလိုဘဲ ငြင်းခွင့်ရှိပြီး ဗြိတိန်နဲ့ အိုင်ယာလန် တို့မှာတော့ လက်ခံ မခံ စဉ်းစားခွင့် ရှိပါတယ်။

ဒီလို နေရာချ ထားပေးတာဟာ အီးယူ က ခွဲတမ်းနဲ့ သတ်မှတ် ပေးတာ မဟုတ်ဘဲ ဒုက္ခသည် အဆင့် ဘယ်လောက်များများ ပေးနိုင်မလဲ အီးယူ အဖွဲ့ ဝင် နိုင်ငံတွေမှာ ဆုံးဖြတ်ခွင့် ရှိတယ်လို့ မစ္စတာ Avramopoulos က ဆိုပါတယ်။

ဒီလို လက်ခံတဲ့ အတွက် အီးယူ နိုင်ငံတွေဟာ ဒုက္ခသည် တယောက်ချင်း အလိုက် ဒေါ်လာ ၆၅ဝဝ လောက် အီးယူက ထုတ်ပေးမှာ ဖြစ်ပါတယ်။

ဒီနှစ် အတွင်းမှာ လူ ၆ သောင်းလောက် မြေထဲပင်လယ်ကို ဖြတ်ပြီး ဥရောပကို ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းပါတယ်။

ဆီးရီးယား၊ နိုင်ဂျီရီးယား၊ အီရစ်ထရီးယားနဲ့ ဆိုမားလီးယား စတဲ့ ဆင်းရဲတဲ့ နိုင်ငံတွေမှာ နေထိုင်သူ တွေဟာ ဆင်းရဲတွင်းက လွတ်မြောက်ဖို့ မြေထဲပင်လယ် ကို ဖြတ်ပြီး ဥရောပတိုက်ကို လာရောက်ဖို့ ကြိုးစားကြတာ ဖြစ်ပါတယ်။

ဥရောပကို ရွှေ့ပြောင်း ဝင်ဖို့ ကြိုးစားသူ ၁၈ဝဝ လောက်ဟာ ၂ဝ၁၅ ခုနှစ်အတွင်း မြေထဲပင်လယ်ထဲမှာ သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။

ဒါဟာ မနှစ်ကထက် အဆ ၂ဝ လောက် တိုးလာတာ ဖြစ်ပါတယ်။

ကုလ သမဂ္ဂ ကတော့ ဒီရွှေ့ပြောင်း ဝင်လာသူတွေ အရေး ကိစ္စမှာ ပိုမို ကူညီကြပါလို့ ဥရောပ နိုင်ငံ အစိုးရ တွေကို ပန်ကြား သွားခဲ့ပါတယ်။

အခု အဆိုပြုချက် တွေထဲမှာ လူမှောင်ခိုဂိုဏ်းတွေကို တိုက်ဖျက် သွားဖို့ အစီအစဉ်လည်း ပါရှိတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ