FIFA ဒုဥက္ကဋ္ဌဟောင်း ရဲလက်ထဲ လာအဖမ်းခံ

ဓာတ်ပုံ မူပိုင် Getty
Image caption ၤၤFIFA ရုံးခန်းတွေကို ရဲတွေ ရှောင်တခင် စီးနင်း ရှာဖွေ

FIFA ဘောလုံး အဖွဲ့ချုပ်ရဲ့ အဂတိ လိုက်စားမှု အရှုပ်တော်ပုံကြီး ပေါ်ထွက်လာခဲ့ အပြီးမှာ FIFA ဥက္ကဋ္ဌ Sepp Blatterက ဒီလို လက်မခံနိုင်စရာ အဂတိလိုက်စားမှု အပြုအမူတွေမှာ ပါဝင် ပတ်သက်နေသူတွေ အတွက် ဘောလုံးလောကမှာ နေရာမရှိဘူးလို့ တုန့်ပြန် ပြောကြားလိုက်ပါတယ်။

FIFA ဘောလုံးအဖွဲ့ချုပ်အတွင်း နှစ်ပေါင်း ၂၀ကျော် ဒေါ်လာ သန်း ၁၅၀ လောက် အစီအစဉ်တကျ လာဘ်စားမှုတွေ ရှိနေတာနဲ့ ပတ်သက်လို့ အမေရိကန် တရားရေးဌာနက စုံစမ်း စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ထုတ်ဖော် ကြေညာလိုက်ချိန်မှာပဲ မစ္စတာ Blatterက အခုလို ပြောကြားလိုက်တာပါ။

အစောပိုင်းတုန်းက FIFA ဘောလုံး အဖွဲ့ချုပ်ရဲ့ လက်ရှိ တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ တာဝန်ရှိ ပုဂ္ဂိုလ်ဟောင်း ၉ဦး အပါအဝင် စုစုပေါင်း လူ ၁၄ဦးကို တရားမဝင် လုပ်ငန်းတွေ လုပ်မှု၊ လိမ်လည်မှု၊ ငွေမည်းကို ငွေဖြူဖြစ်အောင် လုပ်မှု စွဲချက်တွေနဲ့ အမေရိကန် တရားရေးဌာနက တရားစွဲဆိုလိုက်ပါတယ်။

မစ္စတာ Blatterကို တရားစွဲမလား၊ ဖမ်းဆီး အရေးယူမလားဆိုတာကို သူတို့အနေနဲ့ ထုတ်ဖော်ပြောဆိုအုံးမှာ မဟုတ်သေးဘူးလို့ အမေရိကန် အစိုးရ ရှေ့နေတွေက ပြောပါတယ်။

ဒါ့အပြင် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်ခ်မြို့မှာ ဗုဒ္ဓဟူးနေ့ မနက်လင်းအားကြီးအချိန် ဆွစ်စ် ရဲတွေ ဝင်ရောက် ဖမ်းဆီးခဲ့တဲ့ FIFA အဖွဲ့ချုပ် ထိပ်တန်း တာဝန်ရှိ ပုဂ္ဂိုလ် ၇ဦးကို အမေရိကန် နိုင်ငံဆီ လွှဲပြောင်းပေးဖို့ကိုလည်း အမေရိကန် အစိုးရက တောင်းဆိုလိုက်ပါတယ်။

၂၀၁၈ခုနှစ် နဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပွဲတွေမှာ ရုရှားနဲ့ ကာတာနိုင်ငံတို့က အိမ်ရှင်နိုင်ငံတွေ အဖြစ် ကျင်းပခွင့် ရခဲ့တာနဲ့ ပတ်သက်လို့လည်း ဆွစ်ဇာလန် အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ စလုပ်နေပါတယ်။

အဂတိ လိုက်စားမှု စွဲချက်တွေနဲ့ အမေရိကန် အစိုးရရဲ့ တရားစွဲဆို ခံထားရသူ FIFA တာဝန်ရှိ ပုဂ္ဂိုလ် ၁၁ဦးကို ရာထူးတွေကနေ ယာယီ ဆိုင်းငံ့ထားလိုက်တယ်လို့ FIFA ဘောလုံးအဖွဲ့ချုပ်ရဲ့ ကျင့်ဝတ်ဆိုင်ရာ ကော်မီတီက ထုတ်ဖော်ကြေညာလိုက်ပါတယ်။

အမေရိကန် တရားရေးဌာနရဲ့ တရားစွဲခံရသူ ၁၄ဦးထဲမှာ တဦး အပါအဝင် ဖြစ်တဲ့ FIFA ဒုတိယ ဥက္ကဋ္ဌဟောင်း Jack Warnerကတော့ သူရဲ့ နေရပ် ထရီနဒက်နဲ့ တိုဘာဂို နိုင်ငံမှာ ရဲလက်ထဲ သူကိုယ်တိုင် သွားရောက် အဖမ်းခံခဲ့ပါတယ်။

၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပွဲကို အိမ်ရှင်နိုင်ငံအဖြစ် တောင်အာဖရိက အရွေးခံရအောင် လုပ်ပေးပြီး တောင်အာဖရိက ဘောလုံး တာဝန်ရှိ ပုဂ္ဂိုလ်တွေဆီက ဒေါ်လာ ၁၀သန်းကျော် ယူခဲ့တယ် ဆိုတဲ့ ကိစ္စမှာ မစ္စတာ Warner ပါဝင်နေတယ် ဆိုပြီး အမေရိကန် တရားရေး ဌာနက တရားစွဲခဲ့တာပါ။

မစ္စတာ Warnerကတော့ သူ့အနေနဲ့ ဘာမှ အမှားမလုပ်ခဲ့ဘူးလို့ ပြောပါတယ်။