အိန္ဒိယ အပူလှိုင်းကြောင့် သေဆုံးသူ ၁၀၀၀ကျော်

ဓာတ်ပုံ မူပိုင် AFP
Image caption ဖြစ်နိုင်ရင် နေပူထဲ မထွက်ကြဖို့ ရုပ်မြင်သံကြားနဲ့ သတင်းမီဒီယာတွေကနေ အာဏာပိုင်တွေက နှိုးဆော်ထား

အိန္ဒိယနိုင်ငံမှာ အပူလှိုင်းဒဏ်ကြောင့် သေဆုံးသူပေါင်း အခုအခါ တစ်ထောင် ကျော်သွားပြီ ဖြစ်ပါတယ်။

လူအသေအပျောက် အများဆုံး ဖြစ်တဲ့ နိုင်ငံ တောင်ပိုင်း တယ်လန်ဂါနာနဲ့ အန်ဒရာ ပရာဒက်ရှ် ပြည်နယ်တွေမှာ အပူလှိုင်းဒဏ်ကို ဧပြီလလယ်လောက်ကတည်းက ခံနေရတာ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်ကမှ စလို့ လူသေဆုံးမှုတွေ ဖြစ်ခဲ့တာပါ။

အဲန်ဒရာ ပရာဒက်ရှ် ပြည်နယ်မှာ တနင်္လာနေ့တုန်းက ဆိုရင် အပူချိန်က ၄၇ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်သွားခဲ့ပါတယ်။

ဆေးရုံတွေမှာ အပူလှိုင်းဒဏ် ခံရတဲ့ လူနာတွေကို ကုသပေးဖို့ အသင့် ပြင်ထားကြပြီး လူတွေကို အိမ်ထဲမှာပဲ နေကြဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

အပူလှိုင်းဒဏ် ကာကွယ်ဖို့ ဆောင်ရန် ရှောင်ရန်တွေကို ရုပ်မြင်သံကြားနဲ့ သတင်းမီဒီယာတွေကနေတဆင့် ပညာပေးတာတွေ လုပ်နေပါတယ်။

တတ်နိုင်ရင် အိမ်ပြင် မထွက်ကြဖို့၊ နေပူထဲသွားရင် ဦးထုပ်ဆောင်းကြဖို့၊ ရေပုလင်းတွေဆောင်ထားကြဖို့ စတာတွေကို နှိုးဆော်ထားတယ်လို့ အန်ဒရာ ပရာဒက်ရှ်ပြည်နယ် ရဲ့ ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဒေလီမြို့တော်မှာ ဆိုရင်လည်း အပူလှိုင်းဒဏ်ကို ခံနေရတာ သီတင်း တပတ်ကျော်သွားပြီ ဖြစ်ပြီး အပူချိန်က ၄၆ ဒီဂရီနားထိ ရောက်သွားခဲ့ပါတယ်။

သြရိဿပြည်နယ်အပါအဝင် ပြည်နယ်တချို့မှာလည်း လာမယ့် ရက်တွေမှာ အပူချိန်က ၄၅ ဒီဂရီ အထက်မှာ ဆက်ရှိနေအုံးမယ်လို့ အိန္ဒိယ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနက သတိပေးထားပါတယ်။

အပူလှိုင်းဒဏ် အဆိုးဆုံးခံရတဲ့ ပြည်နယ်တွေမှာ မုတ်သုန်မိုး မလာခင် မိုးခေါင် ရေရှားတဲ့ အန္တရာယ်နဲ့ ကြုံရမှာကို စိုးရိမ်နေကြပါတယ်။

၂၀၀၂ခုနှစ်နဲ့ ၂၀၀၃ ခုနှစ်တွေတုန်းက အိန္ဒိယ နိုင်ငံမှာ အလားတူ အပူလှိုင်းဒဏ်ကြောင့် လူတွေ ထောင်နဲ့ချီ သေဆုံးခဲ့ပါတယ်။

အခုလကုန်လောက်ကျရင်တော့ ကယ်ရာလာ ပြည်နယ်ကစလို့ နိုင်ငံတဝှမ်း မုတ်သုန်မိုး ရွာသွန်းမယ်လို့ တော့ ခန့်မှန်းထားပါတယ်။