IS တွေ သတ်ခဲ့တဲ့ လူ ၄၇၀ ကို အီရတ် ပြန်တူးဖော်

ဓာတ်ပုံ မူပိုင် AP
Image caption တိကရစ်မြို့အနီး ဖမ်းမိတဲ့ စစ်သားတွေကို IS အဖွဲ့က မသတ်ခင် ဗီဒီယိုရိုက်ထားခဲ့။

အီရတ်နိုင်ငံမှာ IS အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ရဲ့ အစုလိုက် သတ်ဖြတ်မှုကို ခံခဲ့ရတယ်လို့ ယူဆရတဲ့ လူတွေထဲက လူပေါင်း ၄၇၀ ရဲ့ အကြွင်းအကျန် တွေကို ပြန်လည် တူးဖော်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လက တိကရစ် မြို့အနီးမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။ အဲဒီ တိကရစ်မြို့ကို အစိုးရ တပ်တွေက လွန်ခဲ့တဲ့ ၂ လလောက်က IS တွေရဲ့ လက်ကနေ ပြန်လည် သိမ်းယူ နိုင်ခဲ့ပြီးနောက် အလောင်းတွေ အစုလိုက် မြှုပ်ထားတဲ့ မြေကျင်းတွေကို တွေ့ခဲ့တာ ဖြစ်ပါတယ်။

အဲဒီအချိန်က အသတ်ခံခဲ့ရသူ အများစုဟာ တိကရစ်မြို့ အနီး စပီချာ Speicher စစ်စခန်းက ရှီယာ တပ်သားသစ်တွေ ဖြစ်ပါတယ်။ အဲဒီ အစုလိုက် သတ်ဖြတ်မှုကို IS တွေက ဗီဒီယိုရိုက်ပြီး အွန်လိုင်းပေါ်မှာ တင်ခဲ့ကြပါတယ်။

အဲဒီ အစုလိုက် သတ်ဖြတ်မှုဟာ မကြာသေးခင် နှစ်တွေအတွင်း အီရတ်မှာ ကြုံခဲ့ရတဲ့ အဆိုးဆုံး ရက်စက် ကြမ်းကြုတ်မှုတွေထဲက တစ်ခုဖြစ်ပြီး အဲဒီအချိန်က လူပေါင်း ၁၇၀၀ လောက်အထိ အသက် ဆုံးရှုံးခဲ့ရမယ်လို့ ခန့်မှန်း ထားကြပါတယ်။

အဲဒီ အချိန်က အလောင်းအချို့ကို IS တွေက တိုက်ဂရစ် မြစ်ထဲ မျှောခဲ့ကြပြီး အခုချိန်အထိ မြေကျင်း ၄ ခုထဲက လူ ၄၇၀ ရဲ့ အကြွင်းအကျန်တွေကိုသာ ပြန်တွေ့ရသေးတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ