လှေစီး ရွှေ့ပြောင်းသူတွေအရေး ဆွေးနွေး

  • 29 မေ 2015
ဓာတ်ပုံ မူပိုင် EPA
Image caption အခုအစည်းအဝေးမှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လုံး၀ မသုံးဖို့ သတိပေး ပြောကြားသွားပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ ပုံမှန်မဟုတ်ဘဲ ပြောင်းရွှေ့နေတဲ့ သူတွေအရေး အစည်းအဝေးမှာ ၁၇ နိုင်ငံနဲ့ ယူအဲန်အိတ်ချ်စီအာ၊ ယူအဲန်အိုဒီစီနဲ့ အိုင်အိုအမ်က ကိုယ်စားလှယ်တွေ တက်ရောက် ဆွေးနွေးနေကြပါတယ်။

ထိုင်း ဒုတိယ ဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ထနာ့စတ်ခ် ပတီမားပရာ့ကောင်း က အခုအစည်းအဝေးဟာ ပြစ်တင်ဝေဖန်တဲ့ အစည်းအဝေး မဟုတ်ဘဲ လှေစီး ဒုက္ခသည်တွေ ပြဿနာကို ဘယ်လို ဖြေရှင်းရင် ကောင်းမလဲ၊ စုပေါင်းတာဝန်ယူ ဖြေရှင်းရေးကို ရှေးရှုဖို့ ဖြစ်တယ်လို့ အဖွင့်မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။

ပင်လယ်ပြင်မှာ ရောက်နေသူပေါင်းဟာ ၃၀၀၀ ကနေ ၉၀၀၀ လောက် ရှိမယ်လို့ ခန့်မှန်းပြောဆိုနေကြပြီး အဲဒီသူတွေရဲ့ အသက်ကို ကယ်တင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရေရှည် ဖြေရှင်းနည်းတွေကိုပါ ဆွေးနွေးအဖြေရှာသွားဖို့ လိုပြီး အခုအစည်းအဝေးမှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လုံး၀ မသုံးဖို့ သတိပေး ပြောကြားသွားပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ လှေစီးဒုက္ခသည်တွေကို ကယ်တင်နိုင်ရေးအတွက် အမေရိကန် လေယာဉ်နဲ့ ထိုင်းပင်လယ်ပြင်မှာ ပျံသန်းရှာဖွေဖို့ ဒီကနေ့က စပြီး ခွင့်ပြုလိုက်ပြီလို့လည်း ဗိုလ်ချုပ်ကြီး ထနာ့စတ်ခ်က အခိုင်အမာ ပြောကြားသွားပါတယ်။

အခုအစည်းအဝေးမှာ မြန်မာအစိုးရ ကိုယ်စားပြု နိုင်ငံခြားရေးဝန်ကြီးဌာနက ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဦးထင်လင်း ဦးဆောင်တဲ့ အဖွဲ့လည်း တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

လှေစီးဒုက္ခသည် တွေအရေးနဲ့ ပတ်သက်ပြီး မြန်မာ တနိုင်ငံတည်းကို အပြစ်မတင် ကြဖို့နဲ့ ဒီပြဿနာဟာ လူကုန်ကူးမှု ကြောင့်ဖြစ်ရတာလို့ ဦးထင်လင်းက ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ