အချစ်သော့ခလောက်တွေ ဖြုတ်တော့မယ်

Pont des Arts bridge ဓာတ်ပုံ မူပိုင် AP
Image caption ပါရီမြို့တော်က အချစ် သော့ခလောက်များ

ပြင်သစ်နိုင်ငံ ပါရီမြို့တော်က ဆန်းမြစ်ပေါ်မှာ ရှိတဲ့တံတားတွေမှာ ကမ္ဘာတဝှမ်းကလာကြတဲ့ ချစ်သူ စုံတွဲတွေ လက်တွဲ မဖြုတ်စတမ်း အထိမ်းအမှတ် အဖြစ် သော့ခလောက် တွေကို တံတား သံဘောင်မှာ ချိတ်ပြီး သော့တွေကို မြစ်ထဲ ပစ်ချ လေ့ရှိပါတယ်။

အခုတော့ မြို့တော်တွင်း ဆန်းမြစ် ပေါ်က Pont des Arts bridge လို့ ခေါ်တဲ့ တံတားမှာ အချစ်သော့ခလောက် ပေါင်း ၁ သန်း လောက်နဲ့ ဖုံးကာနေသလို အလေးချိန်ကလည်း တန် ၅၀လောက် ရှိလာလို့ သော့တွေရဲ့အလေးချိန်များလာလွန်းလို့ အန္တရာယ် ရှိလာနိုင်တဲ့ အတွက် သော့တန်ချိန် ၄၅ တန်ကို ဖြုတ်ပစ်တော့မယ်လို့ တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။

လာမယ့် တနင်္လာနေ့မှာ စပြီး ဖြုတ်သွားမှာ ဖြစ်ပြီး နောင်မှာ သံဘောင်တွေ နေရာမှာ မှန်ဘောင်တွေနဲ့ အစားထိုးသွားမယ် လို့ဆိုပါတယ်။ မနှစ်တုန်းကလည်း အဲဒီတံတားရဲ့ အစိတ်အပိုင်းတခု သော့တွေရဲ့ အလေးချိန်ကြောင့် ကျိုးကျခဲ့ပါတယ်။ အဲဒီနေရာကိုလည်း အခု ပြန်အစားထိုး တပ်ဆင်နေပြီ ဖြစ်ပါတယ်။